မန်စီးတီးနည်းပြ ဂွါဒီယိုလာက နောက်ဆုံး(၅)နှစ်အတွင်း မိမိတို့ထက် ငွေပိုသုံးထားတဲ့အသင်းတွေအနေနဲ့ ဆုဖလားရယူဖို့ လိုအပ်နေပြီး မိမိတို့ထက် ဖိအားပိုများနေတယ်လို့ ပြောကြားခဲ့ပါတယ်။
မန်စီးတီးအသင်းကို ငွေကြေးသုံးစွဲမှုများပြားတဲ့အသင်းအဖြစ် သတ်မှတ်ထားကြပေမဲ့ နောက်ဆုံး(၅)နှစ်အတွင်း ပရီးမီးယားလိဂ်မှာ အပြောင်းအရွှေ့အတွက် အသားတင်အသုံးစရိတ်အများဆုံး သုံးစွဲထားတဲ့အသင်းက မန်စီးတီးမဟုတ်ဘဲ မန်ယူအသင်းဖြစ်နေကြောင်း သိရပါတယ်။
ဒါ့အပြင် မန်စီးတီးအသင်းက အသားတင်သုံးစွဲမှုမှာ ပြိုင်ဘက်(၆)သင်းရဲ့နောက် အဆင့်(၇)နေရာမှာသာ ရပ်တည်နေကြောင်း သိရပါတယ်။
Transfermarkt ရဲ့ ဖော်ပြမှုအရ ပရီးမီးယားလိဂ်မှာ နောက်ဆုံး(၅)နှစ်အတွင်း အသားတင်သုံးစွဲမှုအများဆုံးအသင်းတွေက မန်ယူ (၆၇၅ သန်း)၊ အာဆင်နယ် (၆၆၃ သန်း)၊ ချယ်လ်ဆီး (၆၅၁ သန်း)၊ စပါး (၅၇၄ သန်း)၊ နယူးကာဆယ် (၄၂၄ သန်း)၊ လီဗာပူးလ် (၄၂၀ သန်း)၊ မန်စီးတီး (၃၉၆ သန်း)တို့ဖြစ်ကြောင်း သိရပါတယ်။
''ကျွန်တော် စိတ်မကောင်းနည်းနည်းဖြစ်မိသလို၊ နည်းနည်းလည်း အံ့သြမိပါတယ်။ ဘာကြောင့်လဲဆိုတာ့ နောက်ဆုံး(၅)နှစ်အတွင်း အသားတင်သုံးစွဲမှုမှာ ကျွန်တော်တို့ ပရီးမီးယားလိဂ်မှာ အဆင့်(၇)နေရာ ရောက်ခဲ့လို့ပါ။ ကျွန်တော်က နံပါတ်(၁)ဖြစ်ချင်တာပါ။ ဘာကြောင့် အသင်းက ဒီထက်ငွေပိုမသုံးခဲ့သလဲဆိုတာ နားမလည်ပါဘူး။ ကျွန်တော် သူတို့ကို နည်းနည်းစိတ်တိုပါတယ်။ ဒါပေမဲ့ အတိတ်မှာ ကျွန်တော်တို့ ငွေတွေအများကြီးသုံးပြီး အောင်မြင်မှုတွေ ရခဲ့သလိုမျိုး အခု အသင်း(၆)သင်းက ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်နဲ့ FA ဖလားတွေ ရယူဖို့ လိုနေပါပြီ။ ဘာကြောင့်လဲဆိုတော့ သူတို့က နောက်ဆုံး(၅)နှစ်အတွင်း ငွေပိုသုံးခဲ့လို့ပါ။ ဒါ အချက်အလက်တွေပါ။ ထင်မြင်ချက်တစ်ခု မဟုတ်ပါဘူး'' လို့ ဂွါဒီယိုလာက ပြောကြားခဲ့ပါတယ်။















