ဖူလ်ဟမ်နဲ့ပွဲမှာ အနိုင်ဂိုးသွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူး ရှက်ရှကိုကို ကာရစ် ချီးကျူး

ဖူလ်ဟမ်နဲ့ပွဲမှာ အနိုင်ဂိုးသွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူး ရှက်ရှကိုကို ကာရစ် ချီးကျူး
Photo: X
Photo: X
Published 2 February 2026

မန်ယူအသင်းရဲ့နည်းပြ ကာရစ်က ဖူလ်ဟမ်နဲ့ပွဲမှာ အသင်းအတွက် အနိုင်ဂိုးသွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူး ရှက်ရှကိုကို ချီးကျူးမှုပြုလုပ်ခဲ့ပါတယ်။

မန်ယူအသင်းဟာ အဲဒီပွဲမှာ (၂-၀)ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမဲ့ ဖူလ်ဟမ်အသင်းက ချေပဂိုးနှစ်ဂိုး ပြန်သွင်းခဲ့တာကြောင့် အမှတ်ခွဲယူရဖို့ နီးစပ်ခဲ့ပေမဲ့ (၉၀+၄)မိနစ်မှာ ရှက်ရှကိုက အနိုင်ဂိုး သွင်းယူပေးခဲ့တာပါ။

ဆလိုဗေးနီးယားတိုက်စစ်မှူး ရှက်ရှကိုက မိနစ်(၇၀)ကျော်မှာမှ ကူညာနေရာ လူစားဝင်ကစားခဲ့ရတာဖြစ်ပြီး ကာရစ်လက်ထက်မှာ ပွဲထွက်ကစားခွင့် မရသေးပါဘူး။

ဒါပေမဲ့ ရှက်ရှကိုဆီမှာ အပေါင်းလက္ခဏာဆောင်တဲ့အရာတွေ အများကြီးရှိနေကြောင်း ကာရစ်က ဆိုခဲ့ပါတယ်။

''ဒါက အရေးကြီးတဲ့ အခိုက်အတန့်တစ်ခုပါပဲ။ အဝတ်လဲခန်းထဲမှာ ကျွန်တော်တို့အားလုံး အရမ်းပျော်ရွှင်ကျေနပ်ခဲ့ပါတယ်။ သူက လေ့ကျင့်ရေးကွင်းမှာ ထက်ထက်မြက်မြက်ရှိသူပါ။ အန္တရာယ်ပေးနိုင်သူလည်း ဖြစ်ပါတယ်။ ဘန်(ရှက်ရှကို)က ရည်မှန်းချက်ကြီးမားသူဖြစ်ပြီး သူ့မှာ အပေါင်းလက္ခဏာဆောင်တဲ့အရာတွေလည်း အများကြီးရှိပါတယ်။ သူက ဒီနေ့ အရေးပါတဲ့ဂိုး သွင်းယူနိုင်ခဲ့ပြီး ပွဲကြည့်စင်ရှေ့မှာ အောင်ပွဲခံနိုင်ခဲ့ပါတယ်။ ဒါဟာ သူနဲ့ တကယ့်ကို ထိုက်တန်ပါတယ်'' လို့ ကာရစ်က ပြောကြားခဲ့ပါတယ်။

ကာရစ်ဟာ မန်ယူအသင်းကို ကိုင်တွယ်ခဲ့တဲ့ (၃)ပွဲစလုံး ရာနှုန်းပြည့်အနိုင်ရရှိအောင် စွမ်းဆောင်ပေးထားပြီး လက်ရှိအချိန်မှာ အဆင့်(၃)နေရာက အက်စတွန်ဗီလာနဲ့ (၅)မှတ်သာ ကွာဟပါတော့တယ်။

 

Most Read

Most Recent