မာဆေးလ်အသင်းရဲ့နည်းပြ ဒီဇာဘီဟာ အသင်းထံ နုတ်ထွက်စာတင်ထားပြီး လမ်းခွဲဖို့ စီစဉ်နေကြောင်း သတင်းထွက်လာခဲ့ပါတယ်။
ဒီဇာဘီဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အဆင့်(၂၅)နေရာသာ ရပ်တည်နိုင်ခဲ့ပြီး ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခြင်းမရှိခဲ့တာကြောင့် လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။
မာဆေးလ်အသင်းဟာ League Phase အဆင့် နောက်ဆုံးပွဲစဉ်မှာ ကလပ်ဘရုဂေးအသင်းကို (၀-၃)ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး ဘင်ဖီကာအသင်းက ရီးယဲလ်ကို (၄-၂)ဂိုးနဲ့ အနိုင်ရခဲ့တာကြောင့် ဘင်ဖီကာအသင်းက ဂိုးကွာခြားချက်နဲ့ အဆင့်(၂၄)နေရာ ရရှိသွားခဲ့တာပါ။
ဒီအခြေအနေကြောင့် မာဆေးလ်အသင်းတာဝန်ရှိသူတွေကလည်း ဒီဇာဘီရဲ့ နောက်ဆုံးပွဲ စွမ်းဆောင်ရည်အပေါ် အပြစ်မြင်ခဲ့ကြကြောင်း သိရပါတယ်။
အသက်(၄၆)နှစ်သာရှိသေးတဲ့ အီတလီနည်းပြ ဒီဇာဘီဟာ ၂၀၂၄ ခုနှစ်မှာမှ မာဆေးလ်အသင်းကို စတင်ကိုင်တွယ်ခဲ့တာဖြစ်ပြီး ၂၀၂၇ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသူပါ။
ဒီဇာဘီဟာ မာဆေးလ်အသင်းကို ကိုင်တွယ်ခါစတုန်းကလည်း ရာထူးက နုတ်ထွက်ဖွယ်ရှိကြောင်း သတင်းထွက်ခဲ့ဖူးပြီး သူ့ကို နည်းပြအဖြစ် ခန့်အပ်လိုတဲ့ ကလပ်အသင်းများစွာ ရှိနေကြောင်းလည်း သိရပါတယ်။















