စပိန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ရာဖေးလ်လူဇန်က ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ဗိုလ်လုပွဲကို စပိန်နိုင်ငံမှာ ကျင်းပမယ်လို့ ကြေညာလိုက်ပါတယ်။
၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို စပိန်နဲ့အတူ ပေါ်တူဂီနဲ့ မော်ရိုကိုတို့က ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမှာဖြစ်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ နှစ်(၁၀၀)ပြည့်ဖြစ်တာကြောင့် ဥရုဂွေး၊ အာဂျင်တီးနားနဲ့ ပါရာဂွေးနိုင်ငံတွေမှာလည်း အုပ်စုအဖွင့်ပွဲတစ်ပွဲစီ ကျင်းပသွားမှာပါ။
ပူးတွဲအိမ်ရှင်(၃)နိုင်ငံထဲမှာ စပိန်က ဦးဆောင်နိုင်ငံဖြစ်ပြီး စပိန်က ကွင်း(၁၁)ကွင်း၊ မော်ရိုကိုက ကွင်း(၆)ကွင်း၊ ပေါ်တူဂီက ကွင်း(၃)ကွင်းမှာ ပွဲစဉ်တွေ ယှဉ်ပြိုင်ကစားဖို့ စီစဉ်ထားပါတယ်။
ဒါပေမဲ့ နောက်ဆုံးဗိုလ်လုပွဲကို ဘယ်နိုင်ငံမှာ ကျင်းပမလဲဆိုတာ ရွေးချယ်ရခြင်းမရှိသေးဘဲ မော်ရိုကိုနိုင်ငံက အသစ်တည်ဆောက်နေတဲ့ ကွင်းသစ်ကြီးမှာ လက်ခံကျင်းပခွင့်ရဖို့ မျှော်လင့်နေကြောင်း သိရပါတယ်။
၂၀၂၈ ခုနှစ်မှာ ပြီးစီးမယ့် အဲဒီကွင်းသစ်ကြီးက ပရိသတ်(၁၁၅၀၀၀)ဝင်ဆံ့မှာဖြစ်တာကြောင့် ဗိုလ်လုပွဲ ကျင်းပဖို့ ရွေးချယ်ခံရနိုင်ခြေရှိနေပါတယ်။
ဒါကြောင့် အဲဒီကွင်းသစ် မဖွင့်လှစ်မီ ဗိုလ်လုပွဲအတွက် အိမ်ရှင်ရွေးချယ်စေဖို့လည်း စပိန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ရာဖေးလ်လူဇန်က လိုလားနေကြောင်း သိရပါတယ်။
''စပိန်က ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဦးဆောင်ကျင်းပသွားမှာဖြစ်ပြီး ဗိုလ်လုပွဲကိုလည်း ဒီမှာပဲ ကျင်းပသွားမှာပါ။ စပိန်က ဒီလိုမျိုး ကျင်းပနိုင်စွမ်းရှိကြောင်း နှစ်ပေါင်းများစွာ သက်သေပြခဲ့ပြီးသားလည်းဖြစ်ပါတယ်'' လို့ ရာဖေးလ်လူဇန်က ပြောကြားခဲ့ပါတယ်။















