■ ကြိုတင်မဲလုပ်ငန်းစဉ်တွင် UEC ၏ လုပ်ဆောင်ချက်များ ပွင့်လင်းမြင်သာမှုအားနည်းသည်ဟုဆိုကာ ပါတီတစ်ချို့က နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌထံ စာပေးပို့

■ ကြိုတင်မဲလုပ်ငန်းစဉ်တွင် UEC ၏ လုပ်ဆောင်ချက်များ ပွင့်လင်းမြင်သာမှုအားနည်းသည်ဟုဆိုကာ ပါတီတစ်ချို့က နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌထံ စာပေးပို့
Published 3 January 2026

■ ကြိုတင်မဲဆိုင်ရာလုပ်ငန်းစဉ်များကို နိုင်ငံရေးပါတီများ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ ရွေးကောက်ပွဲကိုယ်စားလှယ်များ၊ အသိသက်သေများနှင့် အများပြည်သူတို့အား ဖိတ်ကြား၍ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ခဲ့ပြီး ရရှိသည့် ဆန္ဒမဲစာရင်းများကို သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာထားခဲ့ဟု UEC က ရှင်းလင်းချက်ထုတ်ပြန်ထား

ကြိုတင်မဲလုပ်ငန်းစဉ်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ၏ လုပ်ဆောင်ချက်များ ပွင့်လင်းမြင်သာမှု အားနည်းသည်ဟုဆိုကာ ပါတီတစ်ချို့က နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ စာပေးပို့အကြောင်းကြားထားကြောင်း သိရသည်။

ရွေးကောက်ပွဲ မဲပေးသည့်ရက်တွင် ဥပဒေအရ ကြိုတင်မဲ မည်မျှရှိသည်ကို မဲရုံတွင် ကပ်ထားရမည်ဖြစ်သော်လည်း တစ်နိုင်ငံလုံးအတိုင်းအတာအရ မဲရုံအများစုတွင် ထိုသို့ လုပ်ဆောင်ခြင်း မရှိသကဲ့သို့ ကြိုတင်မဲသည် မည်သည့်အရပ်ဒေသမှ ရောက်ရှိလာပြီး မည်သို့ ပေးသည်ဆိုသည်ကို လွှတ်တော်ကိုယ်စားလှယ်လောင်းများ သိရှိရခြင်းမရှိကြောင်း ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးစောသန်းမြင့်က ပြောကြားသည်။

“ကြိုတင်မဲက ကျွန်တော်တို့ ဥပဒေအရဆိုရင် မဲပေးတဲ့ရက်မှာ ကြိုတင်မဲ ဘယ်လောက်ဆိုတာ အပြင်မှာ ကပ်ရမယ်။ မဲရုံမှာ ကပ်ရမယ်။ အဲဒါတွေက လုပ်တာမရှိဘူးလေ။ ကြိုတင်မဲနဲ့ပတ်သက်ပြီး ဘယ်သူက ပေးသလဲ၊ ဘယ်သူက ပေးသလဲ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေက မသိရဘူးပေါ့နော်။ အများစုမှာ မကပ်ထားဘူး။ အချို့မှာတော့ ကပ်ထားတာ သိရတယ်။ အများစုကတော့ မကပ်ဘူး။ မေးရင်လည်း သူတို့ မဖြေနိုင်ဘူး။ ကြိုတင်မဲက ဘယ်ကရောက်လာလို့ ဘယ်လိုပေးသလဲ၊ ဘယ်သူတွေ ပေးသလဲဆိုတာ ကျွန်တော်တို့ ပါတီအများစုက လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ မသိဘူး။ သူူတို့လည်း မဖြေဘူး။ တစ်ချို့မှာတော့ ကပ်ပါတယ်။ တစ်ချို့ကော်မရှင်တွေက မေးလို့လည်း ရတယ်။ ဒါက တစ်နိုင်ငံလုံးအတိုင်းအတာအရ ပြောတာပါ။ တစ်ချို့နယ်မဲရုံမှာဆိုရင် သူတို့ ပြောပေးတယ်။ စာရင်းပြလို့ရတယ်။ ဒါပေမဲ့ အများစုကတော့ မသိရဘူး။ ကြိုတင်မဲကိစ္စက အဲဒီလိုပါ”ဟု ဦးစောသန်းမြင့်က ပြောကြားသည်။

ထို့ပြင် ကြိုတင်မဲကောက်ယူရာတွင်လည်း သက်ဆိုင်ရာ နိုင်ငံရေးပါတီများကို အကြောင်းကြားခြင်းမရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ 

“နောက်တစ်ခု ကြိုတင်မဲကောက်တာဆိုရင်လည်း အမှန်ဆိုရင် ကြိုတင်မဲကောက်တဲ့အခါ ထုံးစံအတိုင်းပေါ့နော်၊ သက်ဆိုင်ရာပါတီတွေကို အကြောင်းကြားရတယ်။ ဒါတွေကိုလည်း ဒီနေ့အထိတော့ မရှိပါဘူး။ ဒါပေမဲ့ ကြိုတင်မဲရေတဲ့အခါကျရင်တော့ အားလုံးကို ဖိတ်ပါတယ်”ဟု ဦးစောသန်းမြင့်က ပြောကြားသည်။

၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်က ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲ အပိုင်း (၁) တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့ရှိ မြို့ပေါ်မဲရုံအများစု၌ ကနဦး မဲရလဒ်များအရ ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက အနိုင်ရရှိထားသော်လည်း နောက်အကျဆုံးမဲရုံတွင် ၎င်းတို့ပါတီအနေဖြင့် မဲရလဒ်အနည်းငယ်ဖြင့် ကပ်ရှုံးသွားကြောင်း ဦးစောသန်းမြင့်က ပြောကြားသည်။

“ကျွန်တော်တို့က အခု အများဆုံး အနိုင်ယူသွားတာက ကြိုတင်မဲပဲလေ။ နယ်မှာဆိုရင်လည်း ကျွန်တော်တို့ ကပ်ပြီး အထူးသဖြင့် ရှမ်းပြည်နယ်မှာပေါ့။ ရှမ်းပြည်နယ်မှာဆိုရင် အများစုက နောက်ဆုံးမှာ ကြိုတင်မဲတွေနဲ့ပဲ၊ ဥပမာ ကျွန်တော်တို့ ပြောရမယ်ဆိုရင် မူဆယ်မှာ ကျွန်တော်တို့ နိုင်တာပဲ။ မြို့ပေါ်ကမဲရုံ အားလုံးလိုလို ကျွန်တော်တို့ နိုင်တယ်။ နောက်ဆုံးတစ်ရုံမှာကျတော့ ကျွန်တော်တို့ ပြန်ရှုံးတယ်လေ။ မြို့ပေါ်မဲရုံတွေအားလုံး ကျွန်တော်တို့ နိုင်တယ်။ နောက်ဆုံးတစ်ရုံ အရမ်းကြီးနောက်ကျလာတဲ့ မဲရုံတစ်ရုံကဟာမှ ကျွန်တော်တို့ ကပ်ပြီးရှုံးသွားတယ်”ဟု ဦးစောသန်းမြင့်က ပြောကြားသည်။

ယခုကဲ့သို့ အခြေအနေများနှင့် ပတ်သက်၍  ရှမ်းနှင့် တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီက ဇန်နဝါရီ ၅ ရက်တွင် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ စာပေးပို့အကြောင်းကြားသွားမည်ဖြစ်ကြောင်း ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးစောသန်းမြင့်က ပြောကြားသည်။

ရွေးကောက်ပွဲ အပိုင်း (၁) အတွက် ကြိုတင်ဆန္ဒမဲ ကောက်ယူရာတွင် ၎င်းတို့ကို အသိပေးခြင်း မရှိသကဲ့သို့ မည်သည့်အချိန် ကြိုတင်မဲကောက်ယူမည်ဆိုသည်ကိုလည်း မသိလိုက်ရကြောင်းနှင့် ၎င်းတို့ကို ကြိုတင်မဲ ရေတွက်မည့်အခါမှသာ လာရောက်ခေါ်ဆောင်ကြောင်း ပြည်သူ့ပါတီ အတွင်းရေးမှူး ဦးကျော်ကျော်ထွေးက ပြောကြားသည်။

သို့သော်လည်း ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်ဆန္ဒမဲနှင့် စပ်လျဉ်း၍ လာရောက်ခေါ်ယူခြင်းများ ရှိနေကြောင်း ပြည်သူ့ပါတီ အတွင်းရေးမှူး ဦးကျော်ကျော်ထွေးက ပြောကြားသည်။

“ကြိုတင်မဲ ပထမအသုတ်မှာ ကျွန်တော်တို့ကို အသိလည်း မပေးခဲ့ဘူး။ ဘယ်အချိန်သွားမယ်ဆိုတာမှန်လည်း မသိလိုက်ဘူး။ အခု ဒုတိယအသုတ်မှာတော့ လာခေါ်တာတွေ ရှိတယ်။ ပထမအသုတ်မှာ ဖြစ်သွားတာက ကျွန်တော်တို့ ဘယ်အချိန်မှာ သွားမယ်မှန်း မသိဘူး။ ဘယ်သူတွေ ပါသွားမှန်းလည်း မသိဘူး။ ကြိုတင်မဲ ရေမယ်ဆိုမှသာ လာခေါ်တာပဲရှိတယ်” ဟု ဦးကျော်ကျော်ထွေးက ပြောကြားသည်။

ရွေးကောက်ပွဲ အပိုင်း (၁) တွင် ကြိုတင်ဆန္ဒမဲနှင့် ပတ်သက်၍ မဲရလဒ်များ များစွာကွာဟမှုရှိကြောင်းလည်း ပြည်သူ့ပါတီ အတွင်းရေးမှူး ဦးကျော်ကျော်ထွေးက ပြောကြားသည်။ 

“မဲရလဒ်တွေက အများကြီး ကွားသွားတယ်ပေါ့နော်။ ကောလာဟလတွေတော့ မပြောချင်တော့ပါဘူး။ အဲတော့ မဲရလဒ်တွေက သာမန်ပြည်သူတွေကြားထဲမှာ ပြဿနာရှိတယ်ပေါ့နော်။ တပ်မဲတို့၊ ဝန်ထမ်းမဲတို့ ဘာတို့ဆို ဘယ်ပါတီကိုပဲ ထည့်ရမယ်ဆိုတာမျိုး ပြောတယ်တို့ ဘာတို့ပေါ့။ အဲဒါမျိုး ကြားတာတွေ ရှိတယ်။ ဒါပေမဲ့ အဲဒါတွေ ဟုတ် မဟုတ်တော့ မသိဘူး။ ဒါပေမဲ့ မဲရေတွက်တဲ့အခါကျတော့ တော်တော်ကွာတယ်။ ကျွန်တော်ဆို ဒုတိယရတယ်။ ဒုတိယရတာက ကျွန်တော်က ၁၁ မဲ။ ပထမရတာက ၇၃ မဲ။ အဲဒီလိုမျိုးပေါ့။ မဲအရေအတွက် အများကြီး ကွာတယ်”ဟု ဦးကျော်ကျော်ထွေးက ပြောကြားသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြိုတင်ဆန္ဒမဲပေးခြင်းနှင့်စပ်လျဉ်း၍ ဇန်နဝါရီ ၂ ရက်က ကြေညာချက်ထုတ်ပြန်ရာတွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်၌ စတင်ကျင်းပခဲ့သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်တွင်း ပြည်ပရှိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် နိုင်ငံသားတစ်ဦး၏ အခွင့်အရေးဖြစ်သည့် မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးအတွက် ကြိုတင်ဆန္ဒမဲပေးနိုင်ရေး ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း၊ ရွေးကောက်ပွဲကျင်းပချိန်တွင် သက်ဆိုင်ရာလွှတ်တော်ရေရးကောက်ပွဲဥပဒေပုဒ်မ ၄၇ နှင့် နည်းဥပဒေပါ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြည်ထောင်စုအစိုးရ၏ ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပသို့ ရောက်ရှိနေသည့် မဲဆန္ဒရှင်များ၏ ကြိုတင်မဲပေးခြင်းကို သတ်မှတ်ရက်အတွင်း သက်ဆိုင်ရာ မြန်မာသံရုံး၊ အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးအသီးသီးက ဆောင်ရွက်ခဲ့ကြောင်း ဖော်ပြထားသည်။

ထိုသို့ မဲပေးပြီးသည့် ကြိုတင်ဆန္ဒမဲများကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးသို့ ပေးပို့ခဲ့ကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးက သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများသို့ ဆက်လက်ပေးပို့ခဲ့ကြောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက နိုင်ငံရေးပါတီများကို ဖိတ်ကြား၍ ကော်မရှင်က သတ်မှတ်ပေးသည့်နေ့ရက်ဖြစ်သည့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်တွင် နိုင်ငံရေးပါတီများ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ ရွေးကောက်ပွဲကိုယ်စားလှယ်များ၊ အသိသက်သေများနှင့် အများပြည်သူတို့ရှေ့မှောက်တွင် ကြိုတင်ဆန္ဒမဲစာအိတ်များကို ဖွင့်ဖောက်၍ ပွင့်လင်းမြင်သာစွာ ရေတွက်ခဲ့ကြကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးချင်းရရှိသည့် ကြိုတင်ဆန္ဒမဲအရေအတွက်ကို ပုံစံ (၁၇) နှင့် ပုံစံ (၁၇-၁) တို့တွင် ဖြည့်သွင်း၍ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ ရွေးကောက်ပွဲကိုယ်စားလှယ်များနှင့် အသိသက်သေများ၊ သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက စိစစ်ပြီး မှန်ကန်ကြောင်း လက်မှတ်ရေးထိုး၍ အများပြည်သူ ကြည့်ရှုနိုင်ရန် သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာပေးခဲ့ကြောင်း UEC က ရှင်းလင်းထုတ်ပြန်သည်။

ထို့ပြင် သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၄၅ (က) နှင့် နည်းဥပဒေပါ လုပ်ထုံးလုပ်နည်းများနှင့်အညီ မဲစာရင်းပါရှိသည့် သက်ဆိုင်ရာမြို့နယ်ပြင်ပသို့ ရောက်ရှိနေသော မဲဆန္ဒရှင်များဖြစ်သည့် တပ်မတော်သားများနှင့် အတူနေအိမ်ထောင်စုဝင်များ၊ ကျောင်းသားများ၊ သင်တန်း သားများ၊ အချုပ်ခံနေရသူများ၊ ဆေးရုံတက်ရောက်နေရသော အတွင်းလူနာများ ကြိုတင်ဆန္ဒမဲပေးခြင်းကို သက်ဆိုင်ရာဌာနအကြီးအမှူးများက စီစဉ်ပေးသည့်နေရာတွင်လည်းကောင်း၊ ယာယီနေရပ်စွန့်ခွာနေရသူ မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲပေးခြင်းကို ယင်းတို့ရောက်ရှိရာဒေသ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွင်လည်းကောင်း ကော်မရှင်က သတ်မှတ်ပေးသည့် နေ့ရက်အတွင်း စနစ်တကျ ဆန္ဒမဲပေးခဲ့ပြီး ယင်းသို့ဆန္ဒပြုထားသည့် ကြိုတင်ဆန္ဒမဲလက်မှတ်များပါရှိသည့် စာအိတ်များကို သက်ဆိုင်ရာမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများသို့ ပြန်လည်ပေးပို့ခဲ့ကြောင်း၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများက နိုင်ငံရေးပါတီများကို ဖိတ်ကြား၍ ရွေးကောက်ပွဲမကျင်းပမီ ၂ ရက်အလို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၆ ရက် ညနေ ၄ နာရီ မတိုင်မီ ရောက်ရှိလာသော ကြိုတင်ဆန္ဒမဲ လက်မှတ်ပါစာအိတ်များကို ဖွင့်ဖောက်၍ နိုင်ငံရေးပါတီများ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ ရွေးကောက်ပွဲကိုယ်စားလှယ်များ၊ အသိသက်သေများနှင့် အများပြည်သူတို့ရှေ့မှောက်တွင် ပွင့်လင်းမြင်သာစွာ ရေတွက်ခဲ့ကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးချင်းရရှိသည့် ကြိုတင်ဆန္ဒမဲအရေအတွက်ကို ပုံစံ (၁၇-က) နှင့် ပုံစံ (၁၇ (က-၁)] တို့တွင် ဖြည့်သွင်း၍ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ ရွေးကောက်ပွဲကိုယ်စားလှယ်များနှင့် အသိသက်သေများ၊ သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက စိစစ်ပြီးမှန်ကန်ကြောင်း လက်မှတ်ရေးထိုး၍ အများပြည်သူကြည့်ရှုနိုင်ရန် သက်ဆိုင်ရာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာပေးခဲ့ပြီးဖြစ်ကြောင်း UEC ၏ ရှင်းလင်းချက်တွင် ဖော်ပြပါရှိသည်။

ထို့အတူ ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် မဲရုံသို့ ကိုယ်တိုင်မလာရောက်နိုင်သည့် အနာကြီးရောဂါစွဲကပ်နေသူ၊ ရောဂါဝေဒနာ ပြင်းထန်စွာခံစားနေရသူ၊ အိုမင်းမစွမ်းသူ၊ သားဖွားနေသူ၊ ရဲအချုပ်စခန်း၊ အကျဉ်းစခန်းများတွင် အချုပ်ခံနေရသူ၊ ဆေးရုံတွင် အတွင်းလူနာအဖြစ် ဆေးဝါးကုသမှု ခံယူနေရသူများနှင့် မဲစာရင်းပါရှိရာဒေသမှ ကျော်လွန်ကာ ယာယီတာဝန်သွားရောက်ထမ်းဆောင်ရမည့် နိုင်ငံ့ဝန်ထမ်း၊ တပ်မတော်သားနှင့် ရဲတပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာရပ်ကွက်နှင့် ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများတွင် ကော်မရှင်က သတ်မှတ်သည့် ဒီဇင်ဘာ ၁၈ ရက်မှ ဒီဇင်ဘာ ၂၇ ရက်အထိ ကြိုတင်ဆန္ဒမဲပေးနိုင်ရန် သက်ဆိုင်ရာတိုင်း ဒေသကြီးနှင့် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှတစ်ဆင့် မြို့နယ်နှင့် ရပ်ကွက်၊ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများသို့ အကြောင်းကြားခဲ့ကြောင်း၊ သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက နိုင်ငံရေးပါတီများသို့လည်း ဆက်လက်အသိပေး အကြောင်းကြားခဲ့ကြောင်း၊ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ ၆၃ (က)၊ (ခ)၊ (ဂ)၊ (ဃ)၊ (င) တို့နှင့်အညီ ရပ်ကွက်နှင့် ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲပေးခြင်းအား စနစ်တကျ စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း၊ ယင်းကြိုတင်ဆန္ဒမဲလက်မှတ်များပါရှိသည့် မဲပုံးများကို ကြိုတင်ဆန္ဒမဲပေးသူစာရင်း ပုံစံ (၁၃-က) များနှင့်အတူ ရွေးကောက်ပွဲကျင်းပသည့်နေ့ ဒီဇင်ဘာ ၂၈ ရက် နံနက် ၀၆ နာရီ မဲရုံမဖွင့်မီ သက်ဆိုင်ရာ မဲရုံမှူးများထံသို့ နည်းဥပဒေ ၆၃ (စ) နှင့်အညီ စနစ်တကျအပ်နှံခဲ့ကြောင်း UEC က ထုတ်ပြန်သည်။

ထို့နောက် မဲရုံပိတ်ချိန်တွင် မဲရုံမှူးက မဲဆန္ဒရှင်များ မဲပေးစက်ဖြင့် ဆန္ဒမဲပေးထားသည့် ဆန္ဒမဲရလဒ်စာရင်းကို မဲပေးစက်မှ ထုတ်ယူပြီးနောက် ကြိုတင်ဆန္ဒမဲများကို ဦးစွာရေတွက်ခဲ့ကြောင်း၊ ယင်းနောက် မဲရုံမှူးသည် မဲပေးစက်ဖြင့် မဲပေးထားသည့် ဆန္ဒမဲအရေအတွက်နှင့် ကြိုတင်ဆန္ဒမဲစာရင်းများကို စုစည်း၍ ပုံစံ (၁၇-ခ) နှင့် ပုံစံ (၁၇(ခ-၁) တို့တွင် ရေးသွင်းပြီး ဆန္ဒမဲရလဒ်စာရင်းများကို သက်ဆိုင်ရာ မဲရုံအသီးသီးတွင် ကပ်ထားကြေညာခဲ့ပြီးဖြစ်ကြောင်း၊ သက်ဆိုင်ရာမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများသည် မိမိလက်ဝယ်ရှိ ပုံစံ (၁၇-က) နှင့် ပုံစံ (၁၇(က-၁) ပါ ကြိုတင်ဆန္ဒမဲရလဒ်စာရင်းများနှင့် မဲရုံအသီးသီးက ရရှိသည့် ပုံစံ (၁၇-ခ) နှင့် ပုံစံ {၁၇(ခ-၁) တို့ကို စုစည်း၍ မြို့နယ်ဆန္ဒမဲရလဒ်စာရင်းပုံစံ (၁၈) နှင့် ပုံစံ (၁၈-၁) တို့တွင် စနစ်တကျ ရေးသွင်းခဲ့ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများသည် မိမိလက်ဝယ်ရှိ ပုံစံ (၁၇) နှင့် ပုံစံ (၁၇-၁) ပါ ကြိုတင်ဆန္ဒမဲစာရင်းနှင့် မြို့နယ်အသီးသီးက ပေးပို့လာသည့် ပုံစံ (၁၈) နှင့် ပုံစံ (၁၈-၁) ပါ ဆန္ဒမဲစာရင်းများကို စုစည်း၍ သက်ဆိုင်ရာမဲဆန္ဒနယ်အလိုက် လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးချင်းရရှိသည့် ဆန္ဒမဲစာရင်းများကို ပုံစံ (၁၉) နှင့် ပုံစံ (၁၉-၁) တို့တွင် ရေးသွင်းခဲ့ကြောင်း၊ အဆိုပါဆန္ဒမဲစာရင်းပုံစံများတွင် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ ရွေးကောက်ပွဲကိုယ်စားလှယ်များနှင့် အသိသက်သေများ၊ သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက စိစစ်ပြီး မှန်ကန်ကြောင်း လက်မှတ်ရေးထိုး၍ အများပြည်သူကြည့်ရှုနိုင်ရန် သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာပေးခဲ့ပြီးဖြစ်ကြောင်း UEC က ရှင်းလင်းချက်ထုတ်ပြန်သည်။

သို့ဖြစ်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများနှင့် မဲရုံမှူးများသည် ကြိုတင်ဆန္ဒမဲပေးခြင်းနှင့် ကြိုတင်ဆန္ဒမဲများ ရေတွက်ခြင်း၊ ဆန္ဒမဲစာရင်းများပြုစုခြင်းနှင့် ကပ်ထားကြေညာခြင်းဆိုင်ရာ လုပ်ငန်းစဉ်များကို သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ နိုင်ငံရေးပါတီများ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ ရွေးကောက်ပွဲကိုယ်စားလှယ်များ၊ အသိသက်သေများနှင့် အများပြည်သူများတို့အား ဖိတ်ကြား၍ ပွင့်လင်းမြင်သာစွာဖြင့် တိကျမှန်ကန်စွာ ဆောင်ရွက်ခဲ့ကြပြီး ရရှိသည့် ဆန္ဒမဲစာရင်းများကို အများပြည်သူ သိရှိနိုင်ရန် သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာထားကြောင်း UEC က ထုတ်ပြန်ထားသည်။

 

Most Read

Most Recent