PDF များ ထိန်းချုပ်ထားသည့် မန္တလေး-မတ္တရာ-စဥ့်ကူး-သပိတ်ကျင်း ဆက်သွယ်ရေးလမ်းကြောင်းအား တပ်မတော်စစ်ကြောင်းများက ပြန်လည်ထိန်းချုပ်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
PDF သောင်းကျန်း သူပူးပေါင်းအဖွဲ့များအနေဖြင့် မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်၊ စဥ့်ကူးမြို့နယ်၊ သပိတ်ကျင်းမြို့နယ်များအတွင်းသို့ ဝင်ရောက်ကာ ဆက်သွယ်ရေးလမ်းကြောင်းများအား နှောင့်ယှက်ပိတ်ဆို့၍ ခရီးသွားပြည်သူများအား ဖမ်းဆီးခြင်း၊ ဆက်ကြေးကောက်ခံခြင်း၊ နေအိမ်များအတွင်းသို့ဝင်ရောက်၍ ပြည်သူပိုင်ပစ္စည်းများအား အတင်းအဓမ္မယူဆောင်ခြင်း၊ နိုင်ငံ့အကျိုးပြု စက်ရုံ၊ အလုပ်ရုံများအား ဝင်ရောက်မီးရှို့ဖျက်ဆီးခြင်း၊ နိုင်ငံပိုင်မြေပေါ်၊ မြေအောက်သယံဇာတများအား အဓမ္မနည်းဖြင့်ထုတ်ယူပြီး ကိုယ်ကျိုးသုံးစွဲခြင်း၊ ပြည်သူလူထုများ၏ နေအိမ်များ၊ စက်ရုံ၊ အလုပ်ရုံများ၊ အဆောက်အအုံများအား အခိုင်အမာခံစစ်နေရာများအဖြစ် အသုံးပြုခြင်း၊ ယာယီအခြေပြုနေထိုင်ခြင်း၊ ဆက်သွယ်ရေးလမ်းမကြီးများပေါ်၌ ဂိတ်များဖွင့်လှစ်၍ ဒေသခံပြည်သူများ၊ ခရီးသွားများထံမှ ငွေကြေးကောက်ခံခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို နည်းလမ်းပေါင်းစုံဖြင့် လုပ်ဆောင်ခဲ့ကြသဖြင့် တပ်မတော်စစ်ကြောင်းများက အဆိုပါဒေသများ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးမှုရှိစေရေးတို့အတွက် လိုအပ်သည့် ပြင်ဆင်စုဖွဲ့မှုများဆောင်ရွက်ပြီး အကြမ်းဖက် ချေမှုန်းမှုစစ်ဆင်ရေး (Counter-Terrorism Operation) ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့ အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter-Terrorism Operation) ကို စနစ်တကျဖြင့်ဆောင်ရွက်ခဲ့ရာ အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များ ယာယီစိုးမိုး ထားသည့် မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နှင့် ၎င်းဒေသတစ် ဝိုက်အား ၂၀၂၅ ခုနှစ် ဇူလိုင် ၂၃ ရက်တွင်လည်းကောင်း၊ မတ္တရာမြို့နယ်ရှိ ဖယောင်းတောင်သတ္တုတွင်းဒေသအား ဩဂုတ် ၂၄ ရက် တွင်လည်းကောင်း၊ အယ်လ်ဖာ ဘိလပ်မြေစက်ရုံ တစ်ဝိုက်အား ဩဂုတ် ၂၈ ရက်တွင်လည်းကောင်း၊ ဆည်တော်ကြီးကျေးရွာနှင့် ရေ လှောင်တမံအား နိုဝင်ဘာ ၇ ရက်တွင်လည်းကောင်း၊ စဥ့်ကူးမြို့နှင့် အနီးတစ်ဝိုက်တို့အား ဒီဇင်ဘာ ၁၉ ရက်တွင် လည်းကောင်း တပ်မတော်စစ်ကြောင်းများက အဝေးရောက်ဒေသခံပြည်သူများ၏ စစ်ရေးသတင်းပေးကူညီမှုများဖြင့် အဆင့်ဆင့်ခြေကုပ်ယူထိုးစစ်ဆင်၍ အပြီးတိုင်ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရသည်။
တပ်မတော် စစ်ကြောင်းများ အနေဖြင့် ပြန်လည်ထိန်းချုပ်ရရှိပြီးဖြစ်သည့် အဆိုပါမြို့နယ်အတွင်း အကြမ်းဖက်သောင်းကျန်းသူများ ခိုအောင်းနေထိုင်မှုမရှိစေရေး၊ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝများ လုံခြုံချောမွေ့မှုရှိစေရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးတို့အတွက် လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ခဲ့ရာ သပိတ်ကျင်းဘက်မှ နယ်မြေရှင်းလင်းချီတက်လာသည့် တပ်မတော်စစ်ကြောင်းများသည် အောက်တိုဘာ ၁၁ ရက်တွင် သပိတ်ကျင်းမြို့နယ် ဝါးဖြူတောင် ကျေးရွာ၊ အောက်တိုဘာ ၁၃ ရက် တွင် ဖော့တောလမ်းဆုံ၊ ဒီဇင်ဘာ ၁၈ ရက်တွင် ဇရပ်ကွင်းကျေးရွာ ၎င်းမှ ဒီဇင်ဘာ ၂၂ ရက်တွင် လိပ်ကျကျေးရွာသို့လည်းကောင်း ရှင်းလင်းချီတက်သိမ်းပိုက်ပြီး ပတ်ဝန်းကျင်နယ်မြေရှင်းလင်းရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။ အလားတူ စဥ့်ကူးဘက်မှ ချီတက်လာသည့် တပ် မတော် စစ်ကြောင်းများသည် စဥ့်ကူးမြို့နယ် လက်ပံလှကျေးရွာမှ ဒီဇင်ဘာ ၂၈ ရက်တွင် ကျည်တောက်ပေါက်ကျေးရွာ ဒီဇင်ဘာ ၂၉ ရက်တွင် သပိတ်ကျင်းမြို့နယ် ချောင်းကြီးကျေးရွာ၊ ဒီဇင်ဘာ ၃၁ ရက် ယနေ့တွင် လိပ်ကျကျေးရွာ သို့ နယ်မြေရှင်းလင်းခြင်းလုပ်ငန်းများဆောင်ရွက်ကာ အဆင့်ဆင့် ချီတက်ရောက်ရှိခဲ့ပြီး လိပ်ကျကျေးရွာနေရာ၌ တပ်မတော် စစ်ကြောင်းများ ပေါင်းဆုံခဲ့ကာ မန္တလေး-မတ္တရာ-စဥ့်ကူး-သပိတ်ကျင်း ဆက်သွယ်ရေးလမ်းကြောင်း အား အပြည့်အဝထိန်းချုပ်စိုးမိုး ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်သဖြင့် ဒေသခံ ပြည်သူများ၊ ခရီးသွားပြည်သူများအနေဖြင့် သွားလာအသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။















