■ ထင်မှတ်ထားသည်ထက်ပိုပြီး လူထုက မဲလာပေးသဖြင့် ကျေနပ်မိကြောင်း ပြည်ခိုင်ဖြိုးပါတီလွှတ်တော်ကိုယ်စားလောင်း ဦးတေဇကျော် ပြောကြား
မန္တလေးမြို့တွင် ကျင်းပခဲ့သည့် အောင်မြေသာစံမြို့ယ်နှင့် ချမ်းအေးသာစံနှစ်မြို့နယ်၌ ပြည်သူ့လွှတ်တော်နှင့်တိုင်းဒေသကြီးနေရာတို့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက မဲအများဆုံးရ အနိုင်ရရှိထားသည်ဟု လတ်တလောစုံစမ်းချက်များအရ သိရသည်။
ရွေးကောက်ပွဲအပိုင်း(၁)ကျင်းပခဲ့သည့် အောင်မြေသာစံမြို့နယ်နှင့် ချမ်းအေးသာစံမြို့နယ်တို့တွင် မဲပေးလာကြသည့်အခြေနေနှင့်ပတ်သက်ပြီး ပြည်ခိုင်ဖြိုးပါတီမှ ကိုယ်စားလှယ်လောင်း ဦးတေဇကျော်ကို မေးမြန်းခဲ့ရာ
“မဲပေးတဲ့သူတွေက တော်တော်ကို တက်တက်ကြွကြွရှိတယ်ဗျ။ ထင်မှတ်ထားတာထက်ကို များတာတွေ့ရတယ်။ တော်တော်အားရဖို့ကောင်းပါတယ်။ မဲပေးတဲ့သူတွေကတော့ မဲပေးခြင်းဟာ သူတို့အတွက်အပြောင်းလဲတစ်ခုဖြစ်မယ်လို့ မျှော်မှန်းထားတာတွေ့ရတယ်။ မနက်ပိုင်းမှာတော့ ခပ်စောစောဖြစ်လို့ ပါးပေမယ့် တစ်ဖြည်းဖြည်းနဲ့မဲပေးတဲ့အင်အားက များလာတယ်။ ကျွန်တော်နောက်ဆုံးကြည့်ခဲ့တဲ့ ရပ်ကွက်ထဲက မဲရုံတွေဆိုရင် လူတန်းကြီးက နှစ်ရာသုံးရာလောက်ထိ မဲပေးဖို့စောင့်နေကြတာ။ လေးနာရီမဲရုံပိတ်တဲ့အချိန်မှာလည်း တစ်ချို့ရပ်ကွက်မဲရုံတွေဆိုရင် နှစ်ရာ၊ သုံးရာ၊ လေးရာ အဲလောက်ထိရှိနေတာကိုတွေ့ရတယ်” ဟု ပြောကြားခဲ့သည်။
ရွေးကောက်ပွဲနေ့နံနက်စော တစ်နာရီခန့်က ရှော့တိုက်ဒုန်းကျရောက်ပေါက်ကွဲမှုကြောင့် အောင်မြေသာစံမြို့နယ်၊ ညောင်ကွဲရပ်ရှိနေအိမ်တစ်ခုတွင် လူနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အမျိုးသမီးတစ်ဦးမှာ ခြေထောက်တစ်ဖက်ပြတ်သည့်ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။
အဆိုပါဖြစ်စဉ်ကြောင့် မဲပေးမည့်ပြည်သူများကြောက်လန့်ပြီးမဲပေးမှုလျော့ကျသွားနိုင်သည်ဟု ယူဆထားခဲ့ကြသော်လည်း လက်ရှိအခြေနေနှင့်ပတ်သက်ပြီး
“အဲဒီရှော့တိုက်ဒုန်းနဲ့ပစ်တဲ့သူတို့ရည်ရွယ်ချက်က ပြောင်းပြန်ဖြစ်သွားတယ်။ အဲဒီရပ်ကွက်နဲ့မြို့နယ်မှာ ရှိတဲ့ပြည်သူတွေက အင်တိုက်အားတိုက်နဲ့ကို ထွက်လာပြီး မဲပေးခဲ့ကြတယ်။ အေးချမ်းချင်တဲ့ဆန္ဒကြောင့် မဲလာပေးကြတယ်လို့ ထင်ပါတယ်” ဟု ဦးတေဇကျော်က ဆိုသည်။
ရွေးကောက်မဲပွဲတွင် လက်ရှိအခြေအနေအရ ၆၀ ရာခိုင်နှုန်းနီးပါးမဲလာပေးကြမည်ဟု ခန့်မှန်းထားသော်လည်း မဲရုံအားလုံးပိတ်ပြီးမှသာ သိရှိရမည်ဖြစ်ကြောင်း၊ ရေတွက်ပြီးသလောက်မဲရုံများတွင် ပြည်ခိုင်ဖြိုးပါတီမှ အသာရနေသည်ဟု လတ်တလောသိရကြောင်း ဖြေကြားခဲ့သည်။
ရွေးကောက်ပွဲကျင်းပသည့် မန္တလေးတိုင်းဒေသကြီးအပိုင်း(၁)အဖြစ် ပြင်ဦးလွင်၊ ကျောက်ဆည်၊အောင်မြေသာစံ၊ချမ်းအေးသာ၊ မိတ္ထီလာ၊ ရမည်းသင်း၊ ပျော်ဘွယ်နှင့် ညောင်ဦးမြို့နယ်အပါအဝင် ၈မြို့နယ်တွင် ကျင်းပပြုလုပ်ခဲ့ရာ ပါဝင်ယှဉ်ပြိုင်ကြသည့်နိုင်ငံရေးပါတီ ၉ပါတီ ၊ တစ်သီးပုဂ္ဂလ ၃ဦး ရှိပြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ၅ဝဝကျော် ပါဝင်ယှဉ်ပြိုင်ကြပြီး တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်လောင်း ၄ဦး ပါရှိကြောင်း သိရသည်။















