■ ကိုယ့်အပြစ်ကိုယ်မမြင်ဘဲ တစ်ယောက်ကို တစ်ယောက်အပြစ်တင်သည့်ပုံစံဖြင့် ဖြေရှင်းနေပါက ပဋိပက္ခများသည် မပြီးနိုင်ကြောင်း ပြည်သူ့ပါတီဥက္ကဋ္ဌပြောကြား
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ယှဉ်ပြိုင်မည့် ပြည်သူ့ပါတီလွှတ်တော်ကိုယ်စားလှယ်လောင်းများကို မဲဆန္ဒရှင်များထံ မိတ်ဆက်အပ်နှံပွဲနှင့် ရွေးကောက်ပွဲအောင်နိုင်ရေးဟောပြောပွဲကို ယနေ့(ဒီဇင်ဘာ ၂၅ ရက်) တွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် (၅၇) ရပ်ကွက် ကားကြီးဂိတ်ဟောင်းမှတ်တိုင်အနီး ဘောလုံးကွင်းအတွင်း ပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ ပြည်သူ့ပါတီဗဟိုဥက္ကဋ္ဌ ဦးကိုကိုကြီး၊ ပြည်သူ့ပါတီ ရန်ကုန်တိုင်းဒေသကြီးဥက္ကဋ္ဌ ဦးလှဌေး၊ အခြားမြို့နယ်များမှ ပြည်သူ့ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ ပြည်သူ့ပါတီကိုဝန်းရံသည့် မဲဆန္ဒရှင်များတက်ရောက်ခဲ့သည်။
ယင်းအခမ်းအနားတွင် နိုင်ငံတော်အားအလေးပြုခြင်း၊ ပြည်သူ့ပါတီအလံအား အလေးပြုခြင်း၊ ပြည်သူ့ပါတီ ဗဟိုဥက္ကဋ္ဌ ဦးကိုကိုကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးဥက္ကဋ္ဌ ဦးလှဌေးတို့က ရွေးကောက်ပွဲအောင်နိုင်ရေး ဟောပြောမှုများပြုလုပ်ခဲ့သည်။
ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက “အခုကျွန်တော်တို့ရင်ဆိုင်နေရတဲ့အခြေအနေမှာ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ သေကြေပျက်စီးတာတွေ၊ မီးလောင်ပြင်တွေ၊ စစ်ဘေးရှောင်ဒုက္ခသည်တွေနဲ့ ဒီလိုအကျပ်အတည်းတွေကို ကျွန်တော်တို့ကြုံနေရတယ်။ ကြုံနေရတော့ ဒီအကျပ်အတည်းကို လွန်မြောက်ဖို့ဆိုရင် အဲဒီတော့ကျွန်တော်တို့က ပြောစရာရှိတယ်။ လက်နက်ကိုင်ပဋိပက္ခဘယ်လောက်ကြာပြီလဲဆိုတော့ လွတ်လပ်ရေးနဲ့အတူဖြစ်တာ။ အနှစ် ၇၀၊ အနှစ် ၈၀၊ အဲဒီတော့ အဲဒါနဲ့ပတ်သက်ပြီးတော့လည်း ကိုးကားစရာရှိတယ်။ ဒုတိယကမ္ဘာစစ်ကို အနိုင်တိုက်ခဲ့တဲ့ အင်္ဂလန်ဝန်ကြီးချုပ် ချာချီက ပြောခဲ့တာရှိတယ်။ စစ်ပွဲဆိုတာ အချိန်ကာလတစ်ခုမှာ အနိုင်အရှုံးအဖြေထွက်ရမယ်။ နိုင်ရင်နိုင် မနိုင်ရင်ရှုံးပေါ့။ နိုင်လည်းမနိုင်ဘူး။ ရှုံးလည်းမရှုံးဘူး။ ကာလရှည်ရှာစစ်တိုက်နေတယ်ဆိုရင် စစ်တိုက်စားတာတဲ့။ အဲဒါကျွန်တော်ပြောတာမဟုတ်ဘူး။ ချာချီပြောတာ။ ကျွန်တော်တို့နိုင်ငံမှာ အနှစ် ၇၀၊ အနှစ် ၈၀ စစ်တိုက်နေတယ်ဆိုတာ တစ်ခုခုတော့မှားနေပြီ” ဟု ပြောကြားသည်။
ထို့ပြင် မိမိတို့ပြောင်းလဲရန်တောင်းဆိုကြိုးစားသည့်အခါ ပကတိအခြေအနေကို မှန်မှန်ကန်ကန်ပြောင်းလဲရန်လိုကြောင်း၊ ပြည်သူ့ပါတီအနေဖြင့် စစ်ပွဲများရပ်ပြီး ငြိမ်းချမ်းရေးကိုဦးတည်သည့် အပြောင်းအလဲများကို ကြိုးစားချင်ကြောင်း၊ ရွေးကောက်ပွဲသည် အရေးကြီးကြောင်း၊ နိုင်ငံတော်တွင် မည်သည်ကိစ္စရပ်များ လွဲမှားနေသည်ကို မှန်မှန်ကန်ကန်သုံးသပ်ရန်လိုကြောင်း၊ ထိုသို့သုံးသပ်ရာတွင် မိမိအပြစ်ကိုမမြင်ဘဲ အခြားသူအပြစ်ကိုသာမြင်နေသည့်ပုံစံဖြင့် ဖြေရှင်းနေပါက အဖြေရှာခြင်းမဟုတ်ဘဲ အပြစ်ရှာခြင်းဖြစ်ကြောင်း ပြည်သူ့ပါတီဥက္ကဋ္ဌဦးကိုကိုကြီးကပြောကြားသည်။
“နိုင်ငံတော်မှာဘာတွေအယူတိမ်းနေသလဲ။ ဘာတွေလွဲမှားနေသလဲဆိုတာ မှန်မှန်ကန်ကန်ပြန်သုံးသပ်ဖို့လိုတယ်။ အဲဒီလိုသုံးသပ်တဲ့အခါမှာ ကိုယ့်အပြစ်တော့ကိုယ်မမြင်ဘဲ သူများအပြစ်ကြီးဘဲ လက်ညှိုးထိုးနေတဲ့ တစ်ယောက်ကိုတစ်ယောက်အပြစ်တင်တဲ့ပုံစံနဲ့၊ အပြစ်ရှာတဲ့ပုံစံမျိုးနဲ့ပဲ ဖြေရှင်းနေရင်၊ နဂိုကတည်းက အဖြေရှာတာမဟုတ်ဘူး၊ အပြစ်ရှာတာဖြစ်တဲ့အတွက်ကြောင့် ဒီပဋိပက္ခကမပြီးနိုင်ဘူး” ဟု ဦးကိုကိုကြီးကပြောကြားသည်။
ထိုပြင်ပြုပြင်ပြောင်းလဲရေးလုပ်ဆောင်ရာတွင် မိမိဘက်အသီးသီးတွင် မည်သည့်အပြစ်များရှိသည်ကို ပြန်သုံးသပ်ရန်လိုကြောင်း၊ မိမိသာမှန်ပြီး အခြားသူကမှားသည်ဟု လော်ဘီလုပ်၍ ကောက်ချက်ချနေပါက ပြဿနာများသည်ဖြေရှင်းနိုင်မည်မဟုတ်ကြောင်း ပြည်သူ့ပါတီဥက္ကဋ္ဌဦးကိုကိုကြီးက ပြောကြားသည်။
ပြည်သူ့ပါတီအနေဖြင့် ပြည်သူများကြောက်ရွံ့မှုကင်းစွာ နေထိုင်ပြောဆိုနိုင်ရေး ကိုယ်စားပြု ဆောင်ရွက်ပေးမည့်အခြေအနေများ၊ ဥပဒေအရ အကူအညီပေးနိုင်မည့်အခြေအနေများ၊ ရွေးကောက်ပွဲအနိုင်ရရှိပြီး လုပ်ပိုင်ခွင့်ရရှိပါက ငြိမ်းချမ်းရေးလုပ်ဆောင်သွားမည့်အခြေအနေများကို ရှင်းလင်းပြောကြားပြီး ပြည်သူ့ပါတီကိုယ်စားလှယ်လောင်းများကို မဲပေးရန် ဦးကိုကိုကြီးက ဟောပြောခဲ့သည်။
ထို့နောက် ပြည်သူ့ပါတီဥက္ကဋ္ဌဦးကိုကိုကြီးက ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ယှဉ်ပြိုင်မည့် ပြည်သူ့ပါတီဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအေးဆက်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးတင်မောင်အေး၊ တိုင်းဒေသကြီးကိုယ်စားလှယ်လောင်း ဒေါ်နွယ်နီကျော်တို့တစ်ဦးချင်းစီအား ကိုယ်ရေးအကျဉ်းနှင့်အတူ မိတ်ဆက်ပြီး မဲဆန္ဒရှင်များထံ အပ်နှံမှုပြုလုပ်ခဲ့သည်။















