ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံအကြား ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ပြီး နှစ်နိုင်ငံအကြားရှိ သဘောထားကွဲလွဲမှုများကို တွေ့ဆုံဆွေးနွေးမှုနှင့် စေ့စပ်ညှိနှိုင်းမှုများမှတစ်ဆင့် အဖြေရှာရန် မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဟောက်ခန့်ဆုမ်းက ပြောကြားသည်။
ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံအကြား လက်ရှိအခြေအနေနှင့် ပတ်သက်၍ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၌ ဒီဇင်ဘာ ၂၂ ရက်တွင်အစည်းအဝေး ပုံစံနှစ်မျိုး (Hybrid Format) ဖြင့် ကျင်းပသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ အထူး စည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးဟောက်ခန့်ဆုမ်းသည် ဗီဒီယိုကွန်းဖရင့်စနစ်ဖြင့် နေပြည်တော်မှ ပါဝင်တက်ရောက်ခဲ့ပြီး ထိုသို့ဆွေးနွေးပြောကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါ အစည်းအဝေးတွင် အမြဲတမ်းအတွင်းဝန်က မြန်မာနိုင်ငံသည် ၎င်း၏လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သည့် နိုင်ငံခြားရေးမူဝါဒနှင့်အညီ နှစ်နိုင်ငံနယ်စပ်ဒေသတွင် ဖြစ်ပွားနေသည့်အရေးကိစ္စအပေါ် မည်သည့်ဘက်ကမှ ဘက်လိုက်ခြင်းမရှိပဲ ရပ်တည်လျက် ရှိကြောင်း အမြဲတမ်းအတွင်းဝန် ဦးဟောက်ခန့်ဆုမ်းက ပြောကြားသည်။
ထို့ပြင် တစ်ချိန်တည်းမှာပင် ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ပြီး နှစ်နိုင်ငံအကြားရှိ သဘောထားကွဲလွဲမှုများကို တွေ့ဆုံဆွေးနွေးမှုနှင့် စေ့စပ်ညှိနှိုင်းမှုများမှတစ်ဆင့် အဖြေရှာခြင်း၏ အရေးပါမှုကို အလေးထားဖော်ပြလိုကြောင်းနှင့် မြန်မာနိုင်ငံနှင့် ချစ်ကြည် ရင်းနှီးသောဆက်ဆံရေးရှိသည့် နှစ်နိုင်ငံစလုံးအနေဖြင့် အိမ်နီးချင်းကောင်းစိတ်ဓာတ်နှင့် စည်းလုံးညီညွတ်သော အာဆီယံမိသားစုစိတ်ဓာတ်တို့ဖြင့် ဖြစ်ပေါ်နေသောအရေးကိစ္စများကို ငြိမ်းချမ်းစွာဖြေရှင်း၍ နှစ်ဦးနှစ်ဖက်လက်ခံနိုင်သည့်အဖြေကို မကြာမီရရှိနိုင်လိမ့်မည်ဟု မြန်မာနိုင်ငံက ယုံကြည်မျှော်လင့်ကြောင်း အမြဲတမ်းအတွင်းဝန် ဦးဟောက်ခန့်ဆုမ်းက ဆွေးနွေးခဲ့ကြောင်း သိရသည်။















