ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၆) သင်တန်းဆင်းပွဲများကို တိုင်းစစ်ဌာနချုပ်အလိုက် နယ်မြေခံသင်တန်းကျောင်းများ၌ နိုဝင်ဘာ ၁၃ ရက်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး ဟူသည့် ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန်တာဝန်ရှိသဖြင့် ယင်းတာဝန်များကို ထမ်းဆောင်နိုင်ရန်အတွက် လာရောက်စာရင်းပေးသွင်းကြသည့် လူငယ်များကို ပြည်သူ့စစ်မှုထမ်းသင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၁၆) သင်တန်းဆင်းပွဲ အခမ်းအနားများကို နိုဝင်ဘာ ၁၃ ရက်တွင် တိုင်းစစ်ဌာနချုပ်များအလိုက် နယ်မြေခံသင်တန်းကျောင်းအသီးသီး၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
အဆိုပါသင်တန်းဆင်းပွဲများကို သင်တန်းဆင်း စစ်ရေးပြအစီအစဉ်အတိုင်း ဆောင်ရွက်ကြပြီး သင်တန်းသားများက နိုင်ငံတော်အလံကို ကိုင်၍ ကတိသစ္စာခံယူကြကြောင်း သိရသည်။
ထို့နောက် သင်တန်းကျောင်းများအလိုက် သက်ဆိုင်ရာတာဝန်ရှိသူများက သင်တန်းဆင်းအမှာစကားများ အသီးသီးပြောကြားကြပြီး သင်တန်းဆင်းထူးချွန်ဆုရရှိသူများအား ဆုများ အသီးသီးပေးအပ်ချီးမြှင့်ကြကြောင်း သိရသည်။
သင်တန်းဆင်းပွဲ အခမ်းအနားများအပြီးတွင် သင်တန်းဆင်းပွဲများသို့ တက်ရောက်ကြသော တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သင်တန်း ကျောင်းခန်းမများ၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၆) မှ သင်တန်းဆင်း စစ်သည်များအား တွေ့ဆုံအမှာစကားပြောကြားခဲ့ကြောင်း သိရသည်။















