နိုင်ငံတစ်ဝန်းတွင် တိုင်းရင်းသားလက်နက်ကိုင်မျိုးစုံနှင့် တော်လှန်ရေးအမည်ခံ အဖွဲ့အစည်းများ၏ တော်လှန်ပုန်ကန်မှုများ ရှိနေခြင်းကြောင့် ငြိမ်းချမ်းရေးရရှိအောင် ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက ပြောကြားသည်။
နိုဝင်ဘာ ၉ ရက် ညပိုင်းက ရေဒီယိုနှင့် ရုပ်မြင်သံကြား အစီအစဉ်များမှ ရှမ်းနှင့်တိုင်း ရင်းသားများဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) ၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ်များကို ဟောပြောတင်ပြရာတွင် ဦးစိုင်းအိုက်ပေါင်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
“လက်ရှိ နိုင်ငံတော်ရဲ့ ပကတိအခြေအနေဟာ တိုင်းရင်းသားလက်နက်ကိုင်မျိုးစုံနဲ့ တော်လှန်ရေးအမည်ခံထားတဲ့ အဖွဲ့အစည်းတွေရဲ့ တော်လှန်ပုန်ကန်မှုတွေရှိနေတာကြောင့် ကျွန်တော်တို့ပါတီက ပထမဦးစွာ ငြိမ်း ချမ်းရေးကို ရရှိအောင် ဦးစားပေး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု ဦးစိုင်းအိုက်ပေါင်းက ပြောကြားသည်။
၂၀၁၀ ပြည့်နှစ်တွင် ရှမ်းအမျိုးသားရေးအတွက် ဦးတည်ပြီး တည်ထောင်ခဲ့သည့် ကျားဖြူပါတီဟောင်း၏ အမည်မှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီဖြစ်ပြီး ၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ် ၅၈ ဦး အနိုင်ရရှိခဲ့ကြောင်း၊ ပြည်နယ်ဝန်ကြီး ငါးဦးနှင့် ပြည်ထောင်စု ဒုတိယဝန်ကြီး တစ်ဦး ခန့်အပ်ခြင်းခံခဲ့ရကြောင်း၊ သို့သော် နိုင်ငံကို တိုးတက်ပြောင်းလဲနိုင်သည့်အထိ စွမ်းဆောင်နိုင်ခြင်း မရှိခဲ့ ကြောင်း၊ နိုင်ငံကို တိုးတက်ပြောင်းလဲနိုင်ရန် ခိုင်မာတောင့်တင်းသည့် ပါတီတစ်ရပ်ကို မဖြစ်မနေ ထူထောင်နိုင်ရမည်ဖြစ်ကြောင်း၊ သို့မှသာ နိုင်ငံတော်ကို ဖွံ့ဖြိုးတိုးတက်အောင် စီမံဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် တိုင်းရင်းသား ၁၃၅ မျိုးအပြင် နိုင်ငံသားတိုင်းကို ကိုယ်စားပြုသည့် ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ)ကို တည်ထောင်ရခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
လက်ရှိတွင် နိုင်ငံအတွင်း လက်နက်ကိုင်ပဋိပက္ခအပြင် သဘာဝဘေးနှင့် စီးပွားရေး ကပ်ဘေးဒုက္ခကို ခါးသီးစွာ ရင်ဆိုင်နေကြရသည့်ကြားက ပြည်ပနိုင်ငံများ၏ စီးပွားရေးပိတ်ဆို့မှု (Sanction) များကိုပါ ကြုံတွေ့ခံစား နေရကြောင်း၊ ယခုကဲ့သို့ အခက်အခဲမျိုးစုံမှ ကျော်လွှားနိုင်ရန် နယ်မြေတည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးကို ဦးစားပေးဆောင်ရွက်ရမည့်အပြင် နိုင်ငံတကာပိတ်ဆို့မှု (Sanction) များ ရုပ်သိမ်းနိုင်အောင်လည်း ကျားဖြူပါတီက ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သို့မှသာ ပြည်ပရင်းနှီးမြှုပ်နှံမှုများ ပြန်လည်ဝင်ရောက်လာမည်ဖြစ်ပြီး နိုင်ငံတော်၏ လူမှုရေး၊ စီးပွားရေးစသည့် ဘက်စုံကဏ္ဍများ ပြန်လည်ဦးမော့လာနိုင်မည်ဖြစ်ကြောင်းကိုလည်း ၎င်းက ပြောကြားသည်။
“လူငယ်တွေဟာ မိမိတို့ပညာရေးအတွက်၊ မိသားစုအတွက် ပြည်ပနိုင်ငံများသို့ သွားပြီး အလုပ်လုပ်ကြဖို့ မျှော်လင့်ချက်တွေ ရှိနေကြပါတယ်။ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ ပြန်လည်ဝင်ရောက်လာတဲ့အခါ နိုင်ငံတော်ရဲ့ လူမှုစီးပွားရေး ပြန်လည်ဦးမော့လာမှာဖြစ်တဲ့အတွက် အလုပ်အကိုင်အခွင့်အလမ်းများလည်း တိုးတက်ပေါ်ပေါက်လာမှာဖြစ်ပါ တယ်။ ဒီအခါမှာ လူငယ်တွေရဲ့ ဘဝတက်လမ်း၊ အလုပ်အကိုင်တွေနဲ့ ယုံကြည်မှုတွေကို အာမခံချက်ပေးနိုင်ပြီဖြစ်လို့ လူ့စွမ်းအားအရင်းအမြစ်ဆုံးရှုံးခြင်း၊ ယိုစီးခြင်းတွေရှိတော့မှာ မဟုတ်ပါဘူး။ လူငယ်တွေဟာ အလုပ်အကိုင် ရရှိရေးအတွက် ပြည်ပကို တရားမဝင်တဲ့ လမ်းကနေ ထွက်ခွာနေရတာကြောင့် ကုန်ကျစရိတ်တွေ များပြားပြီး အန္တရာယ်ပေါင်းစုံနဲ့လည်း ကြုံတွေ့နေကြရပါတယ်။ ဒီလို နစ်နာမှုတွေ မဖြစ်စေဖို့အတွက် ပြည်ပအလုပ်အကိုင်ရှာဖွေရေး Agency တွေ ဖွဲ့စည်းပြီး တရားဝင် နိုင်ငံခြားပို့ဆောင်ပေးခြင်းဖြင့် နိုင်ငံတော်လည်း တရားဝင်အခွန်ငွေတွေရ၊ လုပ်ငန်းခွင် အနိုင်ကျင့်ခြင်းကလည်း လွတ်ကင်းပြီး လူငယ်တွေ စိုးရိမ်ကြောင့်ကြမှုကင်းစွာနဲ့ စီးပွားရှာဖွေနိုင်မှာဖြစ်ပါတယ်”ဟု ၎င်းက ဆိုသည်။
ထို့ပြင် စားဝတ်နေရေးအခက်အခဲနှင့် ကုန်ဈေးနှုန်းကြီးမြင့်မှုများကို စနစ်တကျ လျှော့ချနိုင်မှသာ ပြည်သူများ၏ စားဝတ်နေရေး အဆင်ပြေမည်ဖြစ်ကြောင်း၊ လစာနည်းသည့် စက်မှုဇုန်နှင့် ကုမ္ပဏီက ဝန်ထမ်းများ၊ အစိုးရ ဝန်ထမ်းများ၊ အကြောင်းအမျိုးမျိုးကြောင့် ရွှေ့ပြောင်းလာသည့် လူငယ်များ၊ မိသားစုဝင်များ၏ နေရေးထိုင်ရေးအတွက် တန်ဖိုးနည်း အဆောင်ကဲ့သို့ အငှားအိမ်ရာစနစ်များ ဖော်ဆောင်နိုင်ရန်နှင့် စီးပွားရေးလုပ်ငန်းများ ပြန်လည်ထူထောင်နိုင်ရန် အထူးအတိုးနှုန်းချေးငွေများအပြင် ကုန်ကြမ်းပစ္စည်းများကိုလည်း သက်သာသည့် ဈေးနှုန်းနှင့် ပံ့ပိုးပေးရန် ကျားဖြူပါတီက ရည်မှန်းထားကြောင်း ၎င်းက ပြော ကြားသည်။
“အခြေခံစားသောက်ကုန်တွေဖြစ်တဲ့ ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန် အစရှိတာတွေကို ဈေးနှုန်းအချိုသာဆုံးနဲ့ အလွယ်တကူ ရရှိရန် ဆောင်ရွက်ပေးသွားမှသာ ပြည်သူတွေ စားသောက်ရေး အဆင်ပြေမှာ ဖြစ်ပါတယ်”ဟု ၎င်းက ဆိုသည်။
တိုင်းပြည်စီးပွားရေးနှင့် ပြည်သူများ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေရန်အပြင် အလုပ်အကိုင်အခွင့်အလမ်းများကိုပါ ဖော်ဆောင်နိုင်ရန်အတွက် နယ်စပ်ကုန်သွယ်ရေးကလည်း အလွန်အရေးကြီးသည့် အချက်တစ် ချက်ဖြစ်ကြောင်း၊ ကျားဖြူပါတီအနေဖြင့် ငြိမ်းချမ်းတည်ငြိမ်သည့် ရှမ်းပြည်နယ်တောင်ပိုင်းတွင် ထိုင်းနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း အသစ်တစ်ခုကို ကြိုးစားဖော်ဆောင် သွားနိုင်ရန် ရည်မှန်းထားကြောင်း၊ ယခုကဲ့သို့ ကုန်သွယ်ရေးလမ်းကြောင်းကို ဖော်ဆောင်နိုင်ခဲ့မည်ဆိုပါက ရှမ်းပြည်နယ်အတွက်သာမကပဲ တစ်နိုင်ငံလုံးအတွက်ပါ ကုန်ဈေးနှုန်းများ တည်ငြိမ်လာမှာဖြစ်သည့်အပြင် အလုပ်အကိုင်အခွင့်အလမ်းများလည်း မြောက်မြားစွာ ပေါ်ထွန်းလာမည်ဖြစ်ပြီး တိုင်းပြည်စီးပွားရေးကို များစွာအထောက်အကူပြုလာနိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။















