■ ရွေးကောက်ပွဲဥပဒေအရ လိုအပ်ချက်များ ရှိနေသည့်အတွက် ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာ သက်သက်ခိုင်အနေဖြင့် UEC ထံတွင် ဖြေရှင်းနေရ

■ ရွေးကောက်ပွဲဥပဒေအရ လိုအပ်ချက်များ ရှိနေသည့်အတွက် ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာ သက်သက်ခိုင်အနေဖြင့် UEC ထံတွင် ဖြေရှင်းနေရ
Published 25 October 2025

ရွေးကောက်ပွဲဥပဒေအရ လိုအပ်ချက်များ ရှိနေသည့်အတွက် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ဥက္ကဋ္ဌ ဒေါက်တာ သက်သက်ခိုင်အနေဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ထံတွင် ဖြေရှင်းနေရကြောင်း ပါတီဒုတိယဥက္ကဋ္ဌ (၂) ဖြစ်သူ ဦးစောဟန်အေးက Eleven Media Group သို့ အောက်တိုဘာ ၂၅ ရက် ညနေ ၄ နာရီခွဲခန့်တွင် ပြောကြားသည်။

“ကျွန်တော်တို့က ဒီလိုပါ။ ရွေးကောက်ပွဲကော်မရှင်ကနေပြီးတော့ ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေအရ လိုအပ်ချက်လေးတွေရှိလို့ ကျွန်တော်တို့က ဒါလေးတွေကို ပြန်ပြီးတော့ ဖြေရှင်းပေးနေတာပါခင်ဗျာ့။  Process သွားနေပါတယ်ခင်ဗျာ့။ Process သွားနေပါတယ်။ Run နေပါတယ်။ ကျွန်တော်တို့ ပြီးရင် တရားဝင် ထုတ်ပြန်ကြေညာပေးပါ့မယ်။ ကျွန်တော်တို့ ဒီကိစ္စကလည်း မဖြေရှင်းနိုင်တဲ့ကိစ္စ မဟုတ်ပါဘူး။ ကျွန်တော်တို့ ဖြေရှင်းနိုင်ပါတယ်”ဟု ပါတီဒုတိယဥက္ကဋ္ဌ (၂) ဖြစ်သူ ဦးစောဟန်အေးက ပြောကြားသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ Website တွင် ထုတ်ပြန်ထားသည့် ကနဦးစာရင်းတွင် ဒေါက်တာ သက်သက်ခိုင် အမည်ပါဝင်သော်လည်း အတည်ပြုလွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ စာရင်းတွင်မူ ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ဝင်ရောက်ယှဉ်ပြိုင်မည်ဆိုသော မဲအများဆုံးရသူ အနိုင်ယူစနစ်ဖြင့် ကျင်းပမည့် ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၂) ၌ ၎င်း၏ အမည်စာရင်း ပါဝင်‌ခြင်း မရှိသည်ကို တွေ့ရသည်။

“ကနဦးမှာ ဟုတ်ပါတယ်။ ကျွန်တော်တို့ ၁၉ ရက်နေ့က ကတ်ပြားလည်း ထုတ်ပြီးပါပြီ။ ဥပဒေ နည်းဥပဒေအရ လိုအပ်ချက်လေးတွေရှိလို့ ကျွန်တော်တို့ ထပ်ပြီးတော့ ပြန်ပြီးတော့ လိုအပ်ချက်လေးတွေ ဖြည့်ပေးနေပါတယ်။ ဥပဒေ၊ နည်းဥပဒေနဲ့ ညီညွတ်အောင် ကျွန်တော်တို့ ဆောင်ရွက်နေပါတယ်”ဟု ပါတီဒုတိယဥက္ကဋ္ဌ (၂) ဖြစ်သူက ပြောကြားသည်။

အွန်လိုင်းတွင် ပြန့်နှံ့နေသော ငွေရေးကြေးရေးကိစ္စများနှင့် ပတ်သက်၍ “ဒါကတော့ ပြောစရာမရှိပါဘူး။ ကောလာဟလဆိုတာ နိုင်ငံရေးလောကမှာ ထွက်နေကျပါပဲ။ ဟုတ်တယ်မလား။ အချိန်တစ်ခုရောက်ရင်တော့ သူ့ဟာသူ ပြီးသွားမှာပါ”ဟု ပါတီဒုတိယဥက္ကဋ္ဌ (၂) ဖြစ်သူ ဦးစောဟန်အေးက ပြောကြားသည်။ 

ထို့ပြင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်သည့် ရွေးကောက်ပွဲယှဉ်ပြိုင်ခွင့်ရ ကိုယ်စားလှယ်လောင်းစာရင်းတွင် ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင် မပါဝင်ကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသော်လည်း အဆိုပါ သတင်းမှာ သတင်းအမှားသာဖြစ်ကြောင်းလည်း ပြည်သူ့ရှေ့ဆောင်ပါတီ၏ တာဝန်ရှိသူတစ်ဦးက ငြင်းဆိုသည်။

"UEC က ကျွန်မတို့ကို ကတ်တွေတောင် ထုတ်ပေးပြီးသွားပါပြီ။ ထွက်ပေါ်နေတဲ့ သတင်းတွေကလည်း သတင်းအမှားတွေပါ။  နာမည်စာရင်းလည်း မကျန်ပါဘူး။ သူ ဝင်ရောက်ယှဉ်ပြိုင်တဲ့ မဲဆန္ဒနယ်မှာ သွားကြည့်လို့ ရပါတယ်။ သတင်းအမှားတွေပါ" ဟု ပါတီ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဒေါ်သက်သက်ခိုင်သည် နိုင်သူအကုန်ယူ စနစ်ဖြင့် ကျင်းပမည့် ရန်ကုန်တိုင်းဒေသကြီး အမှတ် (၂) အမျိုးသားလွှတ်တော် မဲဆန္ဒနယ်တွင် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် စာရင်းပေးသွင်းထားကြောင်း သိရသည်။

ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) အနေဖြင့် ၂၀၂၅ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးအတိုင်းအတားဖြင့် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီကြီး ခြောက်ခုတွင် ပါဝင်သည်။

ထို့ပြင် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) အနေဖြင့် ၂၀၂၅ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ကိုယ်စားလှယ်လောင်း ၆၇၂ ဦး တင်သွင်းထားခြင်းဖြစ်သည်။

မည်သည့်အကြောင်းကြောင်း ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခွင့် မရသည်ကို ထုတ်ပြန်ခြင်း မရှိသော်လည်း ကိုယ်စားလှယ်လောင်းအရည်အချင်း ပျက်ယွင်းသည့်အတွက် ဒေါက်တာသက်သက်ခိုင်အနေဖြင့် ရွေးကောက်ပွဲ ယှဉ်ပြိုင်ခွင့် မရကြောင်း ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် အမတ်လောင်း စာရင်းတွင် ၎င်း၏ နာမည် မပါဝင်လာခြင်းဖြစ်သည်ဟု BBC သတင်းဌာနက ဖော်ပြထားသည်။

ကွန်ဒိုအိမ်ရာစီမံကိန်းများကြောင့် ငွေကျပ်ဘီလျံ ၁၀၀ ကျော် အကြွေးတင်နေသည့်အတွက် ဒေါ်သက်သက်ခိုင်မှာ ရွေးကောက်ပွဲကိုယ်စားလှယ်လောင်းအဖြစ်မှ ပယ်ဖျက်ခံရကြောင်း သတင်းအချို့တွင် ဖော်ပြထားသော်လည်း အဆိုပါ အကြွေးများ ကျေသည်မှာ ကြာပြီဖြစ်ကြောင်း PPP ပါတီတာဝန်ရှိသူတစ်ဦးက Eleven Media Group သို့ ပြောကြားသည်။

"အခု အွန်လိုင်းမှာ ပြောနေကြတဲ့ အကြွေးတွေက ကျေတာ ကြာလှပြီ။" ဟုလည်း အထက်ပါ ပါတီတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယခုကဲ့သို့ ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာ သက်သက်ခိုင် ရွေးကောက်ပွဲကိုယ်စားလှယ်လောင်း စာရင်းတွင် မပါဝင်ကြောင်း သတင်းထွက်ပေါ်နေမှုနှင့် ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ဆက်သွယ်မေးမြန်းနေသော်လည်း လတ်တလောတွင် ဆက်သွယ်မှုမရရှိသေးပေ။

Most Read

Most Recent