ထိုင်းနိုင်ငံ မဟာချိုင်နယ်မြေတွင် မြန်မာလုပ်သားအမျိုးသမီးများအား စီအိုင်စာအုပ်လုပ်ပေးမည်ဟုဆိုကာ တည်းခိုခန်းသို့ ချိန်းဆိုပြီး သားမယားအဖြစ် မကြာခဏ ပြုကျင့်သည့် မြန်မာပွဲစားတစ်ဦးကို မတ် ၂၈ ရက် နံနက်အစောပိုင်းက တည်းခိုခန်းတွင် ထိုင်းရဲများနှင့် မြန်မာအလုပ်သမားအရေး ကူညီစောင့်ရှောက်သည့်အဖွဲ့များက ဝင်ရောက် ဖမ်းဆီးခဲ့ကြောင်း မြန်မာလုပ်သားများအရေး ကူညီနေသူများထံမှ သတင်းရရှိသည်။
ပွဲစားမှာ ၂၈ နှစ်ဝန်းကျင်ရှိ အောင်မျိုးမင်းဆိုသူဖြစ်ပြီး ၎င်းမှာ စီအိုင်စာအုပ်ပွဲစားတစ်ဦးဖြစ်ပြီး မဟာချိုင်ရဲစခန်းတွင် စကားပြန်လုပ်နေသူဖြစ်ကြောင်း၊ မြန်မာအလုပ်သမား အမျိုးသမီးများထံမှ နိုင်ငံကူးလက်မှတ်၊ စီအိုင်စာအုပ် စသည်တို့ကို ယုံကြည်အောင် ပြောဆိုသိမ်းဆည်းထားပြီး တည်းခိုခန်းသို့ ချိန်းဆိုကာ စာအုပ်လိုချင်ပါက ၎င်းနှင့် ညအိပ်ရမည်ဟု အကျပ်ကိုင်ပြီး အဓမ္မပြုကျင့်နေသူဖြစ်ကြောင်း ဝင်ရောက်ဖမ်းဆီးရာတွင် ပါဝင်ခဲ့သည့် AAC အဖွဲ့မှ ကိုရဲမင်းက ပြောကြားသည်။
“ဒီကောင် အဓမ္မပြုကျင့်ခဲ့တဲ့ မြန်မာလုပ်သားအမျိုးသမီးတွေက ကျွန်တော်တို့အဖွဲ့ကို လာတိုင်တာပါ။ ဒါကြောင့် သေသေချာချာ သက်သေထွက်ချက်တွေယူပြီး သက်ဆိုင်ရာ နယ်မြေခံရဲတွေနဲ့ ညကတည်းခိုခန်းမှာ ပြီးခဲ့တဲ့သုံးရက်က သူအဓမ္မပြုကျင့်ခဲ့တဲ့ သက်သေမိန်းကလေးနဲ့အတူ သွားဖမ်းတာပါ။ ဒီကောင်က မိန်းကလေးတွေကို ခေါ်ခေါ်လာတာ ၁၀ ယောက်လောက်ရှိပြီလို့ တည်းခိုခန်းက ပြောတယ်။ မနက်ကျရင် မိန်းကလေးတွေက ငိုငိုပြီးပြန်သွားတော့ သူက သူ့ရည်းစား စိတ်ဆိုးသွားတယ်လို့ ပြောတယ်ဆိုပြီး တည်းခိုခန်းအစောင့်က ကျွန်တော်တို့ကို ပြောပြပါတယ်။ အခုသူ့ကို ရဲစခန်းမှာ အမှုဖွင့်ပြီး ဖမ်းထားပါတယ်” ဟု AAC အဖွဲ့မှ ကိုရဲမင်းက ပြောကြားသည်။
ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းမြန်မာလုပ်သားများကို ပွဲစားများက ခေါင်းပုံဖြတ် အမြတ်ထုတ်မှုများအပြင် အမျိုးသမီးများကိုလည်း လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်လေ့ရှိကြောင်း ထိုင်းအခြေစိုက်လူမှုကူညီရေးအဖွဲ့များနှင့် အလုပ်သမား ကူညီရေးအဖွဲ့များထံမှ သိရသည်။