ဒေါ်အောင်ဆန်းစုကြည် နေအိမ်ခြံဝင်းအတွင်း မီးလောင်စေနိုင်သည့်ပုလင်း ပစ်သွင်းသူအား မတ် ၂၈ ရက်တွင် ဗဟန်းမြို့နယ် တရားရုံး၌ ရုံးထုတ်ခဲ့ပြီး အဆိုပါရုံးချိန်းတွင် ရဲတပ်ဖွဲ့ထံ ဗီဒီယိုဖိုင်နှင့် ဓာတ်ပုံများ ပေးအပ်ခဲ့သည့် မျက်မြင်သက်သေ အမျိုးသမီးအား စစ်ဆေးခဲ့သည်။
လာရောက်စစ်ဆေးခံသူမှာ ဒေါ်ထူးထူးအောင်ဆိုသူဖြစ်ပြီး လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့ခဲ့သည့် ဓာတ်ပုံနှင့် ဗီဒီယိုအား မှတ်တမ်းတင် ရိုက်ကူးခဲ့သူဖြစ်ကြောင်း သိရသည်။
ယင်းဓာတ်ပုံ၊ ဗီဒီယိုနှင့်ပတ်သက်၍ ဒေါ်ထူးထူးအောင်က အခင်းဖြစ်စဉ်က ၎င်းရိုက်ကူးခဲ့သည့်ဓာတ်ပုံနှင့် ဗီဒီယိုဖိုင်များအကြောင်း၊ အဆိုပါဓာတ်ပုံနှင့် ဗီဒီယိုများကို ရဲတပ်ဖွဲ့အား ပေးအပ်ခဲ့သည့်အကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် နေအိမ်ခြံဝင်းအတွင်းသို့ ဝင်းနိုင်က ပုလင်းပစ်သည်ကို တွေ့မြင်ခဲ့ပြီးနောက် ရဲတပ်ဖွဲ့အား သတင်းပေးခဲ့သည့် အကြောင်းများအား တရားခွင်၌ ထွက်ဆိုခဲ့ကြောင်း တရားရုံးကြားနာချက်များအရ သိရသည်။
“အခုရုံးချိန်းက သုံးခါမြောက်ပါ။ အခုတစ်ယောက်နဲ့ဆို တရားလိုပြသက်သေအဖြစ် လေးယောက်စစ်ဆေးပြီးပါပြီ။ အခုရုံးချိန်းကတော့ အခင်းဖြစ်ပွားစဉ်က မျက်မြင်တွေ့ရှိခဲ့တယ်ဆိုတဲ့ အမျိုးသမီးကို စစ်ဆေးတာပါ” ဟု ဗဟန်းမြို့နယ်တရားရုံးမှ တွဲဖက်မြို့နယ်တရားသူကြီး ဦးမောင်မောင်လွင်က ပြောကြားသည်။
ရုံးထုတ်စစ်ဆေးနေသည့် ဝင်းနိုင်မှာ ဗဟန်းမြို့နယ် တရားရုံးတွင် ရာဇသတ်ကြီးပုဒ်မ ၄၃၆ ဖြင့် တရားရင်ဆိုင်နေသူဖြစ်သည်။ အဆိုပါ ရုံးချိန်းအား ဧပြီ ၁၁ ရက်သို့ ထပ်မံချိန်းဆိုထားပြီး ယင်းနေ့တွင် တရားလိုပြသက်သေ ထပ်မံစစ်ဆေးမည်ဖြစ်သည်။
ဖြစ်စဉ်မှာ ဗဟန်းမြို့နယ် ရွှေတောင်ကား (၁)ရပ်ကွက် တက္ကသိုလ်ရိပ်သာလမ်းရှိ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံအမှတ် ၅၄/၅၆ သို့ ဖေဖော်ဝါရီ ၁ ရက် နံနက် ၆ နာရီခွဲခန့်က အမျိုးသားတစ်ဦး ရောက်ရှိလာပြီး ခြံအတွင်းသို့ မီးလောင်စေနိုင်သည့် ပုလင်းတစ်လုံး ပစ်သွင်းခဲ့ကာ အဆိုပါအမျိုးသားမှာ ထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။