လီဗာပူးလ်ဝါရင့်တိုက်စစ်ကစားသမား ဆာလာက အားကစားကလောင်ရှင်များအဖွဲ့အစည်း (FWA) ၏ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို လက်ခံရရှိပြီးနောက် အသင်းနှင့်အတူ သမိုင်းသစ်များ ထပ်မံရေးထိုးနိုင်ရန်ပစ်မှတ်ထားနေကြောင်း ပြောကြားသည်။
အသက် (၃၂) နှစ်အရွယ် အီဂျစ်တိုက်စစ် ကစားသမား ဆာလာသည် ယခုရာသီတွင် လီဗာပူးလ်အသင်းကို ပရီးမီးယားလိဂ်ချန်ပီ ယံဖြစ်အောင် အဓိကနေရာမှ စွမ်းဆောင်ပေးနိုင်ခဲ့သူဖြစ်သည်။
ထို့ကြောင့် ၎င်းသည် အား ကစားကလောင်ရှင်များအဖွဲ့အစည်းက ချီးမြှင့်ခဲ့သည့် FWA တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို မဲအပြတ်အသာဖြင့် ရရှိခဲ့သည်။
ဆာလာသည် FWA တစ်နှစ်တာအ ကောင်းဆုံးကစားသမားဆုကို ၂၀၁၈ ခုနှစ် နှင့် ၂၀၂၂ ခုနှစ်များကလည်း ရရှိခဲ့ရာ ယခုအကြိမ်မှာ တတိယအကြိမ်မြောက် ရရှိခဲ့ခြင်းဖြစ်ပြီး မေလ (၂၂) ရက်တွင် ဆုကို လက်ခံရယူခဲ့သည်။
FWA တစ်နှစ်တာအကောင်းဆုံးဆုကို လက်ခံရယူပြီးနောက် ဆာလာက ၎င်းအနေဖြင့် လီဗာပူးလ်အသင်းနှင့် သမိုင်းသစ်များ ထပ်မံရေးထိုးနေပြီး အသင်းနှင့်အတူ ပရီး မီးယားလိဂ်နှင့် ချန်ပီယံလိဂ်ဖလားများကို ထပ်မံရယူလိုကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ဆာလာက "ဒီဆုကို ရတာ အရမ်းကို အဓိပ္ပာယ်ရှိပါတယ်။ ဒီဆုကို ပိုင်ဆိုင်ဖူးတဲ့ ကစားသမားစာရင်းမှာ ပါဝင်ခွင့်ရတာ အရမ်းကောင်းပါတယ်။ ကျွန်တော့်အနေနဲ့ အသင်းကို ပရီးမီးယားလိဂ်ချန်ပီယံဖြစ်အောင် ကူညီနိုင်ခဲ့တာကြောင့် ဒီဆုကို ရရှိခဲ့တာပါ။ စပါးကို အနိုင်ရပြီး ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်ခဲ့တဲ့နေ့က ကျွန်တော့်ဘဝမှာ အပျော်ဆုံးနေ့ပါပဲ။ ကျွန်တော့်ဘဝမှာ အဲဒီလို တစ်ခါမှ မပျော်ဖူးပါဘူး။ ကျွန်တော့်အနေနဲ့ ဂိုးတွေ၊ ဂိုးဖန်တီးမှုတွေ ပိုလိုချင်ပါတယ်။ ကျွန်တော့်အနေနဲ့ လာမယ့်ရာသီမှာ ဒီဆုကိုထပ်ရဖို့ မျှော်လင့်ပါတယ်။ လီဗာပူးလ်နဲ့အတူ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ကို ထပ်လိုချင် ပါတယ်"ဟု ပြောကြားသည်။
ဆာလာသည် ယခုရာသီ ပရီးမီးယားလိဂ် (၃၇) ပွဲတွင် ဂိုးပါဝင်ပတ်သက်မှု (၄၆) ကြိမ်(၂၈ ဂိုးသွင်း၊ ၁၈ ဂိုးဖန်တီး) ပြုလုပ်ထားပြီး (၃၈) ပွဲကစားသည့် ပြိုင်ပွဲသမိုင်းတွင် ဂိုးပါဝင်ပတ်သက်မှုအများဆုံးအဖြစ် စံချိန်တင်နိုင်ခဲ့သည်။















