အေစီမီလန်အသင်းသည် ဂျူဗင်တပ်စ်အသင်း၏နည်းပြဟောင်း သီယာဂိုမော့တာကို နည်းပြသစ်အဖြစ် ခန့်အပ်ရန် ဆက်သွယ်နေကြောင်း သိရသည်။
အေစီမီလန်အသင်းသည် စီးရီးအေပွဲစဉ် (၃၇) အပြီးတွင် ရမှတ် (၆၀) မှတ်သာ ရရှိထားပြီး အဆင့် (၉) နေရာ၌ ရပ်တည်နေသဖြင့် လာမည့်ရာသီတွင် ဥရောပပြိုင်ပွဲဝင်ခွင့်နှင့် လွဲချော်ခဲ့ရသည်။
ထို့ကြောင့် အေစီမီလန်အသင်းသည် လက်ရှိနည်းပြ ကွန်ဆီကာအို၏ စွမ်းဆောင်ရည်ကို သဘောကျခြင်းမရှိသည့်အတွက် ရာသီကုန်၌ လမ်းခွဲပြီး သီယာဂိုမော့တာကို အစားထိုးခန့်အပ်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။
အသက် (၄၂) နှစ်အရွယ်ရှိ မော့တာသည် ယခုရာသီအစတွင် ဂျူဗင်တပ်စ်အသင်းကို ကိုင်တွယ်ခဲ့သော်လည်း ထင်မှတ်ထားသလို စွမ်းဆောင်နိုင်ခြင်းမရှိသည့်အတွက် မတ်လ (၂၃) ရက်တွင် ရာထူးမှထုတ်ပယ်ခံခဲ့ရသည်။
အေစီမီလန်အသင်းတာဝန်ရှိသူများက မော့တာသည် အရည်အချင်းရှိသည့် လူငယ်နည်းပြအဖြစ် ယူဆနေပြီး အသင်းနည်းပြအဖြစ် ခန့်အပ်ရန် စီစဉ်နေခြင်းဖြစ်သည်။
အေစီမီလန်အသင်းသည် မော့တာအပြင် နာပိုလီနည်းပြ ကွန်တီနှင့် မာဆေးလ်နည်းပြ ဒီဇယ်ဘီတို့ကိုလည်း ချိတ်ဆက်ခဲ့ကြောင်း သိရသည်။















