ဥရောပရဲ့ ထိပ်သီးလိဂ်(၅)ခုထဲမှာ ဂျာမန်ဘွန်ဒစ်လီဂါနဲ့ ပြင်သစ်လီဂူးတို့ကတော့ ပြီးခဲ့တဲ့ ရက်သတ္တပတ်မှာကတည်းက ရာသီအဆုံးသတ်ခဲ့ပါတယ်။ အဲဒီလိဂ်ပြိုင်ပွဲနှစ်ခုစလုံးက ပြိုင်ပွဲဝင်အသင်း(၁၈)သင်းစီသာ ပါဝင်ပြီး ပွဲစဉ်(၃၄)ပွဲစီသာ ယှဉ်ပြိုင်ရတဲ့လိဂ်တွေပါ။ အင်္ဂလန်ပရီးမီးယားလိဂ်၊ စပိန်လာလီဂါနဲ့ အီတလီစီးရီးအေတို့ကတော့ ပြိုင်ပွဲဝင်အသင်း(၂၀)နဲ့ ပွဲစဉ်(၃၈)ပွဲ ယှဉ်ပြိုင်ရတဲ့လိဂ်တွေဖြစ်ပြီး အခုတစ်ပတ်မှာ နောက်ဆုံးပွဲစဉ် ယှဉ်ပြိုင်ကြရမှာ ဖြစ်ပါတယ်။
ဥရောပရဲ့ ထိပ်သီးလိဂ်(၅)ခုထဲမှာ ဂျာမန်ဘွန်ဒစ်လီဂါနဲ့ ပြင်သစ်လီဂူးတို့ကတော့ ပြီးခဲ့တဲ့ ရက်သတ္တပတ်မှာကတည်းက ရာသီအဆုံးသတ်ခဲ့ပါတယ်။ အဲဒီလိဂ်ပြိုင်ပွဲနှစ်ခုစလုံးက ပြိုင်ပွဲဝင်အသင်း(၁၈)သင်းစီသာ ပါဝင်ပြီး ပွဲစဉ်(၃၄)ပွဲစီသာ ယှဉ်ပြိုင်ရတဲ့လိဂ်တွေပါ။ အင်္ဂလန်ပရီးမီးယားလိဂ်၊ စပိန်လာလီဂါနဲ့ အီတလီစီးရီးအေတို့ကတော့ ပြိုင်ပွဲဝင်အသင်း(၂၀)နဲ့ ပွဲစဉ်(၃၈)ပွဲ ယှဉ်ပြိုင်ရတဲ့လိဂ်တွေဖြစ်ပြီး အခုတစ်ပတ်မှာ နောက်ဆုံးပွဲစဉ် ယှဉ်ပြိုင်ကြရမှာ ဖြစ်ပါတယ်။ ဘွန်ဒစ်လီဂါမှာ ဘိုင်ယန်မြူးနစ်က ချန်ပီယံဆု ရရှိခဲ့ပြီး ဘိုင်ယန်မြူးနစ်နဲ့အတူ လေဗာကူဆင်၊ ဖရန့်ဖတ်၊ ဒေါ့မွန်တို့ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိခဲ့ပြီး ဖရိုင်းဘတ်က ယူရိုပါလိဂ်ဝင်ခွင့်၊ မိန့်ဇ်က ကွန်းဖရန့်လိဂ်ဝင်ခွင့် ရရှိခဲ့ပါတယ်။ ဘိုဟုမ်နဲ့ ဟော်စတိုင်ကီလ်က တန်းဆင်းခဲ့ရပြီး ဟိုင်းဟိုင်ကတော့ တန်းဆင်းတန်းတက်အဆုံးအဖြတ်ပွဲ ကစားရဦးမှာပါ။ ပြင်သစ်လီဂူးမှာတော့ PSG က ချန်ပီယံဆု ရရှိခဲ့ပြီး PSG နဲ့အတူ မာဆေးလ်၊ မိုနာကိုနဲ့ နိုက်စ်တို့ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိခဲ့ပါတယ်။ လိုင်လီက ယူရိုပါလိဂ်ဝင်ခွင့်ရရှိပြီး လိုင်ယွန်က ကွန်းဖရန့်လိဂ်ဝင်ခွင့် ရရှိခဲ့ပါတယ်။ မောင့်ပယ်လီယာနဲ့ စိန့်အက်တီယန်တို့ တန်းဆင်းခဲ့ရပြီး Reims ကတော့ တန်းဆင်းတန်းတက်အဆုံးအဖြတ်ပွဲ ကစားရဦးမှာပါ။ ပရီးမီးယားလိဂ်၊ လာလီဂါနဲ့ စီးရီးအေမှာရော ဘယ်လိုအဖြေတွေနဲ့ အဆုံးသတ်သွားမလဲ။ နောက်ဆုံးပွဲစဉ်(၃၈)မတိုင်ခင်မှာ အဖြေတချို့တစ်ဝက် ထွက်ပေါ်နေခဲ့ပြီးဖြစ်ပေမဲ့ ရှာစရာအဖြေတွေတော့ ကျန်ရှိနေပါသေးတယ်။ ဘယ်လိဂ်ရဲ့ အဆုံးအဖြတ်ပွဲတွေက ပရိသတ်တွေအတွက် စိတ်လှုပ်ရှားစရာအကောင်းဆုံးဖြစ်မလဲ ဆိုရင်တော့ . . . ။
ပရီးမီးယားလိဂ်ရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်
ပရီးမီးယားလိဂ်မှာက ချန်ပီယံဆုကို လီဗာပူးလ်အသင်း စောစောစီးစီး သိမ်းပိုက်နိုင်ခဲ့သလို၊ တန်းဆင်း(၃)နေရာကိုလည်း ဆောက်သမ်တန်၊ အစ်ဝစ်ချ်နဲ့ လက်စတာတို့က လက်ကျန်(၄)ပွဲအလိုမှာကတည်းက ရယူသွားခဲ့ပါတယ်။ ဒါကြောင့် ပရီးမီးယားလိဂ်မှာ အဖြေရှာစရာက ချန်ပီယံလိဂ်ဝင်ခွင့်ပဲ ရှိတော့ပါတယ်။ တကယ်လို့ ချန်ပီယံလိဂ်ဝင်ခွင့်ကို ပုံမှန်အတိုင်း ထိပ်ဆုံး(၄)သင်းသာ ရရှိခဲ့မယ်ဆိုရင် ပရီးမီးယားလိဂ်ရဲ့ ချန်ပီယံလိဂ်ဝင်ခွင့် တိုက်ပွဲက အခုထက်ပြင်းထန်နိုင်ပါတယ်။ ဒါပေမဲ့ (၅)နေရာကျတော့လည်း မျှော်လင့်ချက်ဧရိယာ ပိုကျယ်ပြန့်သွားတာကြောင့် တစ်မျိုးတစ်ဖုံတော့ ရင်ခုန်စရာကောင်းတာပါပဲ။ (ယူရိုပါလိဂ်ချန်ပီယံအသင်း ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာ ရရှိတာကိုတော့ အမှတ်ပေးပြိုင်ပွဲရပ်တည်မှုနဲ့ သက်ဆိုင်ခြင်းမရှိတာကြောင့် ထည့်မတွက်ထားတာပါ)။ ပွဲစဉ် (၃၇)အပြီးမှာ လီဗာပူးလ်နဲ့ အာဆင်နယ်နှစ်သင်း ချန်ပီယံလိဂ်ဝင်ခွင့် ရရှိထားပြီဖြစ်တာကြောင့် လက်ကျန်(၃)နေရာအတွက်သာ အဖြေရှာရတော့မှာပါ။ ဒီ(၃)နေရာအတွက် မန်စီးတီး၊ နယူးကာဆယ်၊ ချယ်လ်ဆီး၊ အက်စတွန်ဗီလာနဲ့ နော်တင်ဟမ်ဖောရက်စ် အသင်း(၅)သင်း အပြိုင်လုကြရမှာဖြစ်ပြီး မန်စီးတီးက အလားအလာအကောင်းဆုံး၊ နော်တင်ဟမ်ဖောရက်စ်က အလားအလာအနည်းဆုံးဖြစ်နေပါတယ်။ ဒါပေမဲ့ အားလုံးမှာ မျှော်လင့်ချက်ကိုယ်စီ ရှိနေကြသလို၊ ဘယ်အသင်းမှ အမှား လုပ်လို့မရတဲ့အခြေအနေမှာ ရှိနေတုန်းပါပဲ။ မန်စီးတီးက အလားအလာအကောင်းဆုံးဆိုပေမဲ့ ကျန်တဲ့အသင်းတွေ အနိုင်ရပြီး သူသာ ရှုံးပွဲတွေ့ခဲ့မယ်ဆိုရင် ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲသွားနိုင်တာပါပဲ။ အဲဒီအသင်း(၅)သင်းရဲ့ နောက်ဆုံးပွဲစဉ်တွေက အခုလို ရှိနေပါတယ်။
ဖူလ်ဟမ် - မန်စီးတီး
နယူူးကာဆယ် - အဲဗာတန်
နော်တင်ဟမ်ဖောရက်စ် - ချယ်လ်ဆီး
မန်ယူ - အက်စတွန်ဗီလာ
အဆင့်(၃၊ ၄၊ ၅)နေရာတွေမှာ ရပ်တည်နေကြတဲ့ မန်စီးတီး၊ နယူးကာဆယ်နဲ့ ချယ်လ်ဆီးတို့က ကိုယ့်ခြေလှမ်းကိုယ် မှန်အောင်လျှောက်ပြီး နိုင်ပွဲရယူနိုင်ခဲ့မယ်ဆိုရင် ပြိုင်ဘက်တွေကို လှည့်ကြည့်စရာမလိုဘဲ ချန်ပီယံလိဂ်ဝင်ခွင့်ရယူနိုင်မှာပါ။ လောလောဆယ် ချန်ပီယံလိဂ်ဝင်ခွင့် နယ်နမိတ်အပြင်ဘက်ရောက်နေတဲ့ အက်စတွန်ဗီလာနဲ့ နော်တင်ဟမ်ဖောရက်စ်တို့ကတော့ ကိုယ်တိုင်လည်း အနိုင်ရဖို့လိုသလို၊ ပြိုင်ဘက်တွေရဲ့ရလဒ်ကို စောင့်ကြည့်ဖို့လည်း လိုအပ်နေပါတယ်။ ဒါ့အပြင် ရင်ဆိုင်ရမှာကလည်း ပွဲကျပ်တွေဖြစ်တာကြောင့် အခွင့်အရေးအနည်းဆုံးအသင်းတွေလို့ သတ်မှတ်နိုင်ပါတယ်။ အက်စတွန်ဗီလာကတော့ ယူရိုပါလိဂ် ဗိုလ်လုပွဲကစားပြီး ပွဲပန်းပြန်လာမယ့် မန်ယူအသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်တာကြောင့် နော်တင်ဟမ်ဖောရက်စ်ထက် နည်းနည်းသက်သာရာရနေပါတယ်။ နော်တင်ဟမ်ဖောရက်စ်ကတော့ ချန်ပီယံလိဂ်ဝင်ခွင့် အပြိုင်လုနေရတဲ့ ချယ်လ်ဆီးအသင်းနဲ့ ရင်ဆိုင်ရမှာပါ။ ဒါကြောင့် အားလုံးထဲမှာ ပွဲအကျပ်ဆုံးလို့ ဆိုရမှာဖြစ်သလို၊ ဆက်စပ်မှုအဖြစ် ချယ်လ်ဆီးအတွက်လည်း အန္တရာယ်များသွားပါတယ်။ ဒါပေမဲ့ နောက်ဆုံးပွဲစဉ်ဆိုတာက အမှတ်လိုသည်ဖြစ်စေ၊ မလိုသည်ဖြစ်စေ အသင်းတိုင်းက ရလဒ်ကောင်းတွေနဲ့ ပရိသတ်တွေကို နှုတ်ဆက်နိုင်ဖို့ ကြိုးစားလေ့ရှိတာကြောင့် အနိုင်ရလဒ်ကို လွယ်လွယ်ရယူနိုင်မှာတော့ မဟုတ်ပါဘူး။ မန်စီးတီးကတော့ အနိုင်ရလဒ် မလိုတော့ဘဲ တစ်မှတ်ရရုံနဲ့ လုံလောက်နေပါပြီ။ (၆၆)မှတ်ရထားတဲ့ အသင်း(၃)သင်းထက် (၂)မှတ်အသာရထားတဲ့အပြင် ဂိုးကွာခြားချက်တွေလည်း အသာရထားတာကြောင့်ပါ။ ဖူလ်ဟမ်ကိုလည်း ဆုံတွေ့ခဲ့တဲ့ ပြိုင်ပွဲစုံနောက်ဆုံး (၁၇)ပွဲဆက်တိုက် အနိုင်ရရှိထားတာကြောင့် မန်စီးတီးအတွက် ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာက သေချာသလောက်ဖြစ်နေပြီး ဖူလ်ဟမ်ကို မထင်မှတ်ဘဲရှုံး၊ နယူးကာဆယ်၊ ချယ်လ်ဆီးနဲ့ အက်စတွန်ဗီလာတို့ကလည်း အနိုင်ရဆိုတဲ့ အဆိုးဆုံးအခြေအနေနဲ့ ကြုံတွေ့ရမှသာ လွဲချော်တော့မှာပါ။ နယူူးကာဆယ်ကလည်း အိမ်ကွင်းမှာ အဲဗာတန်နဲ့ ရင်ဆိုင်ရမှာကြောင့် ခြေချော်နိုင်ခြေ နည်းပါးနေပါတယ်။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် မန်စီးတီး၊ နယူူးကာဆယ်၊ ချယ်လ်ဆီး၊ အက်စတွန်ဗီလာနဲ့ နော်တင်ဟမ်ဖောရက်စ်တို့ရဲ့ နောက်ဆုံးပွဲစဉ် (၄)ပွဲက ပရီးမီးယားလိဂ်ရဲ့ ရာသီပိတ်ပွဲစဉ်တွေထဲမှာ စိတ် လှုပ်ရှားစရာအကောင်းဆုံးဖြစ်နေမှာ သေချာပါတယ်။ သူတို့ထဲက ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲတဲ့အသင်းတွေက ယူရိုပါလိဂ်နဲ့ ကွန်းဖရန့်လိဂ်ဝင်ခွင့်တွေ ရရှိသွားမှာဖြစ်တာကြောင့် ဥရောပဝင်ခွင့်အားလုံးအတွက် အဆုံးအဖြတ်ပေးမယ့် ပွဲစဉ်တွေလို့လည်း ဆိုနိုင်ပါတယ်။ ပရီမီးယားလိဂ်ရဲ့ ပွဲစဉ်(၃၈)ကို တနင်္ဂနွေနေ့မှာ တစ်ချိန်တည်း တစ်ပြိုင်တည်း ယှဉ်ပြိုင်ကစားသွားမှာပါ။
စီးရီးအေရဲ့ ချန်ပီယံလုပွဲနှင့်အတူ
လာလီဂါမှာက ချန်ပီယံဆုကို ဘာစီလိုနာအသင်း ရရှိခဲ့ရုံသာမက ချန်ပီယံလိဂ်ဝင်ခွင့် (၅)နေရာစလုံးလည်း အဖြေပေါ်သွားပါပြီ။ လာလီဂါကလည်း လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့် (၅)နေရာ ရရှိခဲ့တာဖြစ်ပြီး ဘာစီလိုနာနဲ့အတူ ရီးယဲလ်မက်ဒရစ်၊ အက်သလက်တီကို၊ ဘီလ်ဘာအိုနဲ့ ဗီလာရီးယဲလ်တို့ ရရှိခဲ့တာပါ။ ဘက်တစ်ကလည်း ယူရိုပါလိဂ်ဝင်ခွင့်တစ်နေရာ ရရှိခဲ့ပြီး နောက်တစ်နေရာနဲ့ ကွန်းဖရန့်လိဂ်ဝင်ခွင့်အတွက်တော့ ဆယ်လ်တာဗီဂို၊ ဗယ်လက်ကာနိုနဲ့ အိုဆာဆူနာတို့ တစ်မှတ်ကွာအနေအထားနဲ့ အပြိုင်လုကြရမှာပါ။ လာလီဂါမှာက ဗယ်လာဒိုလစ်နဲ့ လက်စ်ပါမားစ်တို့ တန်းဆင်းခဲ့ရပြီဖြစ်တာကြောင့် လက်ကျန်တန်း ဆင်းတစ်နေရာအတွက်ပဲ အဖြေရှာရတော့မှာပါ။ အဲဒီအတွက် လီဟာနက်စ်နဲ့ အက်စ်ပန်ညိုတို့ပဲ အမှတ်လုရတော့မှာဖြစ်ပါတယ်။ ဒါကြောင့် လာလီဂါ ရဲ့ နောက်ဆုံးပွဲစဉ်ကတော့ ရင်ခုန်စရာသိပ်မကောင်းတော့သလို ဖြစ်နေပါတယ်။ ပရီးမီးယားလိဂ်နဲ့အပြိုင် ရင်ခုန်စွာစောင့်ကြည့်ကြရမှာက စီးရီးအေပါ။ စီးရီးအေမှာက နေရာတိုင်းအတွက် အဖြေရှာဖို့ ကျန်ရှိနေပါသေးတယ်။ အထူးခြားဆုံးကတော့ ဥရောပရဲ့ ထိပ်သီးလိဂ်(၅)ခုထဲမှာ ချန်ပီယံဆုအတွက် နောက်ဆုံးပွဲစဉ်အထိ အဆုံးအဖြတ်ခံယူရမယ့် တစ်ခုတည်းသောလိဂ် ဖြစ်နေခြင်းပါပဲ။ ပွဲစဉ်(၃၇)အပြီးမှာ နာပိုလီက (၇၉)မှတ်နဲ့ ဦး ဆောင်နေပြီး အင်တာမီလန်အသင်းက (၇၈)မှတ်နဲ့ ထပ်ကြပ်မကွာ ကပ်လိုက်နေပါတယ်။ နောက်ဆုံးပွဲစဉ်(၃၈)မှာ နာပိုလီက ကာဂလီယာရီနဲ့ အိမ်ကွင်း၊ အင်တာမီလန်က ကိုမိုနဲ့ အဝေးကွင်း ကစားရပါမယ်။ ကိုယ်တိုင်လည်း နိုင်ပွဲရ၊ နာပိုလီလည်း အမှတ်လျော့မှ ချန်ပီယံဆု ရယူနိုင်မှာဖြစ်တဲ့ အင်တာမီလန်အသင်းအတွက် မျှော်လင့်ချက်က ခပ်လျော့လျော့သာ ရှိနေပါတော့တယ်။ ဒါကြောင့် နာပိုလီပရိသတ်တွေ လက်ခမောင်းခတ်နေကြပြီဖြစ်ပေမဲ့ ဘာမှတော့ ကြိုပြောလို့ မရနိုင်သေးပါဘူး။ ကာဂလီယာရီဆိုတာ နာပိုလီအသင်းကို အစဉ်အလာအရ အခက်တွေ့စေတတ်တဲ့ ပြိုင်ဘက်အသင်းတစ်သင်း ဖြစ်တယ်ဆိုတာကို မေ့ထားလို့မရပါဘူး။ စီးရီးအေမှာ တတိယနေရာကို အတ္တလန်တာအသင်းက သိမ်းပိုက်နိုင်ခဲ့တာကြောင့် လက်ကျန်ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာအတွက်သာ ဂျူဗင်တပ်စ်၊ ရိုးမားနဲ့ လာဇီယိုတို့ ပြိုင်ဆိုင်ရတော့မှာပါ။ နောက်ဆုံးပွဲမှာ ဂျူဗင်တပ်စ်က ဗင်နီဇီယာနဲ့ အဝေးကွင်း၊ ရိုးမားက တိုရီနိုနဲ့ အဝေးကွင်း၊ လာဇီယိုက လက်ချီနဲ့ အိမ်ကွင်း ယှဉ်ပြိုင်ကစားရမှာပါ။ ဒါကြောင့် စီးရီးအေရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်တိုက်ပွဲက တန်းဆင်းဇုန်အမှတ်လုပွဲနဲ့လည်း ဆက်စပ်နေပါတယ်။ စီးရီးအေမှာ မွန်ဇာတစ်သင်းသာ တန်းဆင်းရဖို့ အဖြေထွက်သေးပြီး ကျန်တဲ့နှစ်နေရာအတွက် ဗင်နီဇီယာ၊ အမ်ပိုလီ၊ လက်ချီ၊ ပါးမားနဲ့ ဗီရိုနာတို့ ပြိုင်ဆိုင်နေရတာပါ။ ဒီတော့ စီးရီးအေနောက်ဆုံးပွဲစဉ်က စောင့်ကြည့်ရမယ့်ပွဲတွေ များပြားနေပြီး တစ်သင်းက ပျော်ရွှင်နေချိန်မှာ တစ်သင်းက ကြေကွဲနေရမယ့် အခြေအနေမျိုးတွေလည်း ရှိနေပါတယ်။ ထိပ်သီးလိဂ်(၃)ခုရဲ့ ရာသီပိတ် နောက်ဆုံးပွဲစဉ်မှာ ဘယ်လိုအဖြေတွေ ထွက်ပေါ်လာမလဲဆိုတာကိုတော့ . . . ။















