ဆန်ဒရာ၊ ဂူဒီဆင်ပတ်ခ်နှင့် အွန်လိုင်းပေါ်မှ ခြောက်လှန့်ခြင်းများ (Life)

ဆန်ဒရာ၊ ဂူဒီဆင်ပတ်ခ်နှင့် အွန်လိုင်းပေါ်မှ ခြောက်လှန့်ခြင်းများ (Life)
Photo : X
Photo : X
Published 23 May 2025
WY

အဲဗာတန်အသင်းက လာမယ့်ရာသီဆိုရင် သူတို့ နှစ်ပေါင်း(၁၃၃)နှစ်နီးပါး အသုံးပြုခဲ့တဲ့ ဂူဒီဆင်ပတ်ခ်ကွင်းကြီးကို စွန့်ခွာပြီး ကွင်းသစ်ကြီးမှာ ပြောင်းလဲယှဉ်ပြိုင်တော့မှာပါ။ ဒါကြောင့် ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ဆောက်သမ်တန်နဲ့ပွဲမှာ ဂူဒီဆင်ပတ်ခ်ကွင်းကို နှုတ်ဆက်ပွဲ ပြုလုပ်ခဲ့ကြပါတယ်။ ပရိသတ်တွေ ပိုမိုဝင်ဆံ့တဲ့၊ ပို ပြီးခေတ်မီကောင်းမွန်တဲ့ ကွင်းသစ်ကြီးကို ပြောင်း ရွှေ့ရမှာဖြစ်ပေမဲ့ နှစ်ပေါင်းရာနဲ့ချီ ရင်းနှီးကျွမ်းဝင်ခဲ့ရတဲ့ ကွင်းဟောင်းကြီးကို နှုတ်ဆက်ရတာဟာ လွမ်းစရာပဲပေါ့။ ပြောရမယ်ဆိုရင် လီဗာပူးလ်မြို့ခံ အဲဗာတန်ပရိသတ်တွေအတွက်တော့ ဂူဒီဆင်ပတ်ခ်ကွင်းကြီးဟာ သူတို့ဘဝရဲ့ အစိတ်အပိုင်းတစ်ခုလိုတောင် ဖြစ်နေမှာပါ။

အဲဗာတန်အသင်းက လာမယ့်ရာသီဆိုရင် သူတို့ နှစ်ပေါင်း(၁၃၃)နှစ်နီးပါး အသုံးပြုခဲ့တဲ့ ဂူဒီဆင်ပတ်ခ်ကွင်းကြီးကို စွန့်ခွာပြီး ကွင်းသစ်ကြီးမှာ ပြောင်းလဲယှဉ်ပြိုင်တော့မှာပါ။ ဒါကြောင့် ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ဆောက်သမ်တန်နဲ့ပွဲမှာ ဂူဒီဆင်ပတ်ခ်ကွင်းကို နှုတ်ဆက်ပွဲ ပြုလုပ်ခဲ့ကြပါတယ်။ ပရိသတ်တွေ ပိုမိုဝင်ဆံ့တဲ့၊ ပို ပြီးခေတ်မီကောင်းမွန်တဲ့ ကွင်းသစ်ကြီးကို ပြောင်း ရွှေ့ရမှာဖြစ်ပေမဲ့ နှစ်ပေါင်းရာနဲ့ချီ ရင်းနှီးကျွမ်းဝင်ခဲ့ရတဲ့ ကွင်းဟောင်းကြီးကို နှုတ်ဆက်ရတာဟာ လွမ်းစရာပဲပေါ့။ ပြောရမယ်ဆိုရင် လီဗာပူးလ်မြို့ခံ အဲဗာတန်ပရိသတ်တွေအတွက်တော့ ဂူဒီဆင်ပတ်ခ်ကွင်းကြီးဟာ သူတို့ဘဝရဲ့ အစိတ်အပိုင်းတစ်ခုလိုတောင် ဖြစ်နေမှာပါ။ ဒါကြောင့်လည်း ဂူဒီဆင်ပတ်ခ်ကွင်းကြီးကို နောက်ဆုံးနှုတ်ဆက်ရမယ့်နေ့မှာ မနက်(၈)နာရီလောက်ကတည်းက ကွင်းအနားမှာ စုဝေးခဲ့ကြပါတယ်။ တဖြည်းဖြည်းနဲ့ ဂူဒီဆင်လမ်းဟာ အပြာရောင်လူပင်လယ်ကြီး ဖြစ်လာခဲ့ပါတယ်။ တစ်ယောက်ပြီးတစယောက် ပစ်ဖောက်လွှတ်လိုက်တဲ့ အပြာရောင်မီးခိုးငွေ့တွေကြောင့် ကောင်းကင်ကလည်း ပြာရီမှိုင်းမှုန်လာခဲ့ပါတယ်။ အဲဗာတန်ပရိသတ်တွေရဲ့ရင်ထဲမှာလည်း စကားလုံးနဲ့ ဖော်ပြနိုင်ဖို့ မလွယ်တဲ့ ခံစားမှုတွေနဲ့ တင်းကျပ်လာမှာ သေချာပါတယ်။ သံယောဇဉ်များစွာနဲ့ ရစ်ဖွဲ့ထားတဲ့ အရာတစ်ခုကို နှုတ်ဆက်စွန့်စွာရတော့မှာ မဟုတ်လား။

ဆောက်သမ်တန်ကို အဲဗာတန်အသင်းက (၂-ဝ)ဂိုးနဲ့ အနိုင်ရခဲ့တာကြောင့် အဲဗာတန်ပရိသတ်တွေရဲ့ ခံစားမှုက နည်းနည်းတော့ ပေါ့ပါးသွားနိုင်ပါတယ်။ ဒါပေမဲ့ နှုတ်ဆက်ပွဲမှာ ကစားသမားဟောင်းများစွာကို မြင်တွေ့ကြရတော့ လွမ်းစရာတွေက သိပ်တော့ လျော့ပါးသွားမှာ မဟုတ်ပါဘူး။ ဒီလိုနဲ့ပဲ ဂူဒီဆင်ပတ်ခ်ကွင်း နှုတ်ဆက်အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပေမဲ့ နောက်ဆက်တွဲပြဿနာတစ်ခုကတော့ ကွင်းပြင်ပ အွန်လိုင်းနယ်မြေမှာ ပေါက်ဖွားလာခဲ့ပါတယ်။ ဒီပြဿနာကို အစပြုသူက ဆန်ဒရာလို့ဆိုရမှာဖြစ်ပေမဲ့ အစရဲ့အစကတော့ အဲဗာတန်ပရိသတ်တွေပါ။ ဖြစ်ပုံက ဒီလိုပါ။ ဆန်ဒရာဆိုတာက အဲဗာတန် တိုက်စစ်မှူး ကယ်လ်ဗတ်လူဝင်ရဲ့ ဇနီးပါ။ အင်္ဂလန်တိုက်စစ်မှူး ကယ်လ်ဗတ်လူဝင်က ၂၀၁၆ နွေရာသီမှာ ရှက်ဖီးယူနိုက်တက်ကနေ အဲဗာတန်အသင်းကို ပြောင်းရွှေ့လာခဲ့သူဖြစ်တာကြောင့် ဒီအသင်းကို ရောက်နေတာ ဆယ်စုနှစ်တစ်ခုနီးပါး ရှိနေပါပြီ။ ဂူဒီဆင်ပတ်ခ်ကွင်းကြီးနဲ့လည်း အကျွမ်းတဝင်ရှိခဲ့သူဆိုပါတော့။ အဲဗာတန်အသင်းအတွက် ပြိုင်ပွဲစုံမှာ (၂၇၃)ပွဲကစားပြီး (၇၁)ဂိုး သွင်းယူပေးထားတဲ့ ကယ်လ်ဗတ်လူဝင်က ဂူဒီဆင်ပတ်ခ်မှာ သွင်းယူခဲ့တဲ့ ပရီးမီးယားလိဂ်သွင်းဂိုးသက်သက်တင် ဂိုး(၃၀)ရှိပါတယ်။ ဒန်ကန်ဖာဂူဆန်နဲ့ လူကာကူတို့ရဲ့နောက် တတိယအများဆုံးဖြစ်ပါတယ်။ ဒါပေမဲ့ ဒီရာသီမှာ ဒဏ်ရာပြဿနာတွေကြောင့် ခြေစွမ်းမပြနိုင်ခဲ့သလို၊ ရာသီကုန်ရင် လမ်းခွဲတော့မှာပါ။ ဒါကြောင့် ဆောက်သမ်တန်နဲ့ပွဲမှာ လူစားဝင်ကစားတဲ့ ကယ်လ်ဗတ်လူဝင်ကို အဲဗာတန်ပရိသတ်တွေက အော်ဟစ်လှောင်ပြောင်ခဲ့ကြပါတယ်။

ဒီတော့ ဇနီးသည် ဆန်ဒရာက Instagram မှာ ပို့စ်တစ်ခုတင်ခဲ့တယ်။ "ဂူဒီဆင်ပတ်ခ်မှာ ဂိုး (၃၀)သွင်းထားတယ်။ ထိပ်ဆုံး(၃)ဦးစာရင်းဝင်တယ်။ သူတို့  မအော်သင့်ဘူး။ ဒါပေမဲ့ ကျွန်မတို့ကတော့ နေ့ရက်တိုင်းကို ဂုဏ်ယူတယ်"လို့ ရေးထားတဲ့ပို့စ်ပါ။ ဒီပို့စ်က အဲဗာတန်ပရိသတ်အချို့ကို အမျက်ထွက်စေခဲ့ပါတယ်။ ဒါမှမဟုတ် အဲဗာတန်ပရိသတ်မဟုတ်ဘဲ အွန်လိုင်းပေါ်မှာ ဆိုးသွမ်းရမ်းကား နေသူတွေလည်း ဖြစ်ချင်ဖြစ်နေနိုင်ပါတယ်။ သူတို့က ဆန်ဒရာကို အွန်လိုင်းပေါ်ကနေ လူမျိုးရေးခွဲခြားမှုတွေ၊ အသက်အန္တရာယ်ခြိမ်းခြောက်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ "မင်းတို့ရဲ့ ကလေးကို မင်းတို့ရဲ့ မျက်စိရှေ့မှာတင် သတ်ပြမယ်"ဆိုတာမျိုးတွေအ ထိ ပါဝင်ခဲ့ပါတယ်။ ဆန်ဒရာကလည်း ဒီလိုခြိမ်းခြောက်စော်ကားမှုတွေကို တစ်ခွန်းမခံဆိုသလို တုံ့ပြန်ခဲ့တာကြောင့် အခြေအနေက ပိုမိုတင်းမာပြင်းထန်လာခဲ့ပြီး နောက်ဆုံးမှာတော့ အဲဗာတန်အသင်းရော မာဆေးဆိုက်ဒ်ရဲတပ်ဖွဲ့ပါ မနေသာတော့တဲ့ အမှုအခင်းတစ်ခု ဖြစ်သွားခဲ့ပါတယ်။ ဆန်ဒရာက Screenshoots သက်သေတွေနဲ့တကွ ရဲတပ်ဖွဲ့ ကို တိုင်ကြားခဲ့ခြင်းလည်း ဖြစ်ပါတယ်။

ဆန်ဒရာက ဆွစ်ဇာလန်သူ ဖက်ရှင်မော်ဒယ်တစ်ယောက်ဖြစ်ပြီး ကယ်လ်ဗတ်လူဝင်နဲ့ လက်မထပ်ခင်တုန်းက အာဆင်နယ်တိုက်စစ်ကစားသမားဟောင်း နာဘရီနဲ့ တွဲခဲ့ဖူးပါသေးတယ်။ နာဘရီနဲ့ လမ်းခွဲပြီးတဲ့နောက် ကယ်လ်ဗတ်လူဝင်နဲ့ ချစ်သူတွေဖြစ်ခဲ့ကြပြီး ၂၀၂၃ မှာ သားလေးတစ်ယောက် ရရှိခဲ့ပါတယ်။ ဒီလိုနဲ့ ၂၀၂၄ မှာ ကယ်လ်ဗတ်လူဝင်က လက်ထပ်ခွင့်တောင်းခဲ့ပြီး ပြီးခဲ့တဲ့မတ်လမှာ လက်ထပ်ခဲ့တာပါ။ ဆန်ဒရာက ကယ်လ်ဗတ်လူဝင်ကို ဘယ်လောက်ချစ်သလဲဆိုရင်တော့ ခင်ပွန်းသည်ကို အော်ဟစ်လှောင်ပြောင်မှုအတွက် ဆတ်ဆတ်ထိမခံ တုံ့ပြန်ပြခဲ့ခြင်းက သက်သေပါပဲ။ ဒါပေမဲ့ အခုတော့ အဲဒီပြဿနာက ရဲတပ်ဖွဲ့ကပါ ဝင်ရောက်ဖြေရှင်းရတဲ့အထိ ကြီးထွားသွားခဲ့ပါပြီ။ အဲဗာတန်အသင်းကလည်း အသင်းရဲ့ဂုဏ်သိက္ခာကို ထိပါးစေမယ့် အမူအကျင့်မျိုးကို လက်မခံတာကြောင့် ဆန်ဒရာကို စော်ကားမှု၊ ခြိမ်းခြောက်မှုပြု လုပ်ခဲ့သူတွေကို ရဲတပ်ဖွဲ့နဲ့အတူ ပူးပေါင်းဖော် ထုတ်ပေးသွားမယ်လို့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့ စောင့်ကြည့်ကြရဦးမှာပါ။

Most Read

Most Recent