မန်ချက်စတာယူနိုက်တက်အသင်းနည်းပြ အာမိုရင်မ်က အသင်းမှ ထုတ်ပယ်လျှင် လျော်ကြေးမယူဘဲ ထွက်ခွာသွားမည်ဟု ပြောကြားခဲ့သည်။
မန်ယူနိုက်တက်အသင်းသည် ယူရိုပါလိဂ် ဗိုလ်လုပွဲတွင် စပါးကို အရေးနိမ့်ပြီးနောက် ယခုရာသီတွင် ဆုဖလားလက်မဲ့အခြေအနေအပြင် စံချိန်တင်မှတ်တမ်းဆိုးများစွာ ပိုင်ဆိုင်ခဲ့ရသည်။
မန်ယူနိုက်တက်အသင်းနည်းပြ အာမိုရင်မ်က ၎င်း၏အနာဂတ်နှင့်ပတ်သက်၍ ''ကျွန်တော့်မှာ ပရိသတ်တွေကို ပြစရာ ဘာမှမရှိပါဘူး။ အဲဒါကြောင့် ဒီအချိန်မှာ ယုံကြည်ချက်နည်းနည်းပဲရှိပါတယ်။ ကြည့်ကြတာပေါ့။ ကျွန်တော်က အမြဲတမ်း ပွင့်ပွင့်လင်းလင်းပါပဲ။ တကယ်လို့ ပရိသတ်တွေနဲ့ ဘုတ်အဖွဲ့က ကျွန်တော်ဟာ သင့်လျော်တဲ့သူမဟုတ်ဘူးလို့ ခံစားရတယ်ဆိုရင် နောက်တစ်နေ့မှာမှာပဲ လျော်ကြေးနဲ့ပတ်သက်ပြီး ဘာစကားမှမပြောဘဲ ထွက်သွားမှာပါ။ ဒါပေမဲ့ ကျွန်တော် နုတ်ထွက်မှာတော့ မဟုတ်ပါဘူး။ ကျွန်တော့်အလုပ်အတွက် တကယ်ယုံကြည်မှုရှိပါတယ်။ ခင်ဗျားမြင်တဲ့အတိုင်းပဲ ကျွန်တော်က ကိုယ်လုပ်တာတွေကို ဘယ်တော့မှ မပြောင်းလဲပါဘူး''ဟု ဆိုသည်။
အာမိုရင်မ်(၄၀ နှစ်)သည် မန်ယူနိုက်တက်အသင်းနှင့် ၂၀၂၇ ခုနှစ် ဇွန်လအထိ စာချုပ်ချုပ်ဆိုထားခြင်းဖြစ်သည်။
မန်ယူနိုက်တက်အသင်းကမူ အာမိုရင်မ်ကို လာမည့်ရာသီအထိ အချိန်ပေးသွားဖွယ်ရှိကြောင်း သိရသည်။
မန်ယူနိုက်တက်အသင်းသည် ယခုရာသီတွင် ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အဆိုးရွားဆုံးအဆင့်တွင် ရပ်တည်ခဲ့သည်။















