ရီးယဲလ်မက်ဒရစ်အသင်း၏ ၀ါရင့်ကွင်းလယ်ကစားသမား မိုဒရစ်က ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးတွင် လမ်းခွဲတော့မည်ဟု အတည်ပြု ကြေညာခဲ့သည်။
မိုဒရစ်(၃၉ နှစ်)သည် ရီးယဲလ်အသင်းတွင် ကစားသမားဘဝ ကုန်ဆုံးသည်အထိ ယှဉ်ပြိုင်ကစားသွားရန် ဆန္ဒရှိခဲ့သော်လည်း ရီးယဲလ်အသင်းက လာမည့်ရာသီမှစ၍ ငယ်ရွယ်သည့် ကစားသမားများကို အားပြုဖွဲ့စည်းရန် စီစဉ်နေသည့်အတွက် လမ်းခွဲရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မိုဒရစ်သည် ၂၀၁၂ နွေရာသီတွင် စပါးအသင်းမှ ရီးယဲလ်အသင်းသို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ပြီး (၁၃)နှစ်တာ ကာလအတွင်း၌ လာလီဂါချန်ပီယံဆု (၄)ကြိမ်၊ ချန်ပီယံလိဂ်ဖလား(၆)ကြိမ်အပါအဝင် ဆုဖလားအောင်ပွဲများစွာ ရယူနိုင်ခဲ့သည်။
ရီးယဲလ်အသင်းသည် အသက်ကြီးရင့်လာပြီဖြစ်သည့် မိုဒရစ်ကို ယခု နောက်ပိုင်း၌ တစ်နှစ်ချင်းသက်တမ်းတိုးခဲ့သော်လည်း လာမည့်ရာသီ၌ ထပ်မံသက်တမ်းတိုးရန် ဆန္ဒမရှိတော့သည့်အတွက် မိုဒရစ်က လမ်းခွဲရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။
''ကျွန်တော် ဘယ်တော့မှ ရောက်မလာစေချင်တဲ့ အခိုက်အတန့်က ရောက်လာခဲ့ပါပြီ။ ဒါပေမဲ့ ဒါဟာ ဘောလုံးရဲ့ သဘောသဘာဝပါပဲ။ ပြီးတော့ ဘဝမှာလည်း အရာရာတိုင်းက အစရှိရင် အဆုံးရှိစမြဲပါပဲ။ ကမ္ဘာ့အကောင်းဆုံးအသင်းတစ်သင်းရဲ့ အအောင်မြင်ဆုံး ခေတ်ကာလတစ်ခုမှာ အစိတ်အပိုင်းတစ်ရပ် ဖြစ်ခဲ့ရတဲ့အတွက် ဂုဏ်ယူပါတယ်'' ဟု မိုဒရစ်က ပြောကြားခဲ့သည်။















