ဘာစီလိုနာအသင်းနှင့် ၂၀၂၇ ခုနှစ်အထိ စာချုပ်သစ် ချုပ်ဆိုပြီးနောက် ဆုဖလားများထပ်မံရယူလိုကြောင်း အသင်းနည်းပြ ဟန်ဆီဖလစ်ခ် ပြောကြား

ဘာစီလိုနာအသင်းနှင့် ၂၀၂၇ ခုနှစ်အထိ စာချုပ်သစ် ချုပ်ဆိုပြီးနောက် ဆုဖလားများထပ်မံရယူလိုကြောင်း အသင်းနည်းပြ ဟန်ဆီဖလစ်ခ် ပြောကြား
Photo: Barcelona
Photo: Barcelona
Published 22 May 2025

ဘာစီလိုနာနည်းပြ ဟန်ဆီဖလစ်ခ်က အသင်း နှင့် ၂၀၂၇ ခုနှစ်အထိ သက်တမ်းရှိ စာချုပ်သစ်ချုပ်ဆိုခဲ့ပြီးနောက် အသင်းနှင့်အတူ ဆုဖလားများ ထပ်မံရယူလိုကြောင်း ပြောကြားခဲ့သည်။

ဂျာမန်လူမျိုးနည်းပြ ဟန်ဆီဖလစ်ခ်(၆၀ နှစ်) သည် ယခုရာသီအစမှ ဘာစီလိုနာအသင်းကို (၂) နှစ်စာချုပ်ဖြင့် စတင်ကိုင်တွယ်ခဲ့သည်။

၎င်းသည် ဘာစီလိုနာနည်းပြဘဝ ပထမဆုံးရာသီမှာပင် လာလီဂါချန်ပီယံဆုအပါအဝင် ပြည်တွင်းဖလား (၃) လုံး ကို ရယူပေးနိုင်ခဲ့သည်။

ထို့ကြောင့် ဘာစီလိုနာအသင်းတာဝန်ရှိသူများသည် အသင်းနည်းပြ ဟန်ဆီဖလစ်ခ်၏စွမ်းဆောင်မှုများကို သဘောကျနေပြီး ယခုရာသီမကုန်မီမှာပင် ၎င်းကို ၂၀၂၇ ခုနှစ်အထိ သက်တမ်းရှိ စာချုပ်သစ်တစ်ရပ်ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။

ဟန်ဆီဖလစ်ခ်က ဘာစီလိုနာအသင်းနှင့်အတူ စာချုပ်သစ်ချုပ်ဆိုနိုင်ခဲ့သည့်အတွက် ဝမ်းသာကြောင်း၊ အသင်းနှင့်အတူ ဆုဖလားများ ထပ်မံရယူလိုကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ဟန်ဆီဖလစ်ခ်က ''ဘာစီလိုနာအသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုနိုင်ခဲ့တဲ့အတွက် ကျွန်တော် ပျော်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ အဆုံးကို မရောက်သေးဘူးလို့ ခံစားရပါတယ်။ ဘာလို့လဲဆိုတော့ အသင်းက ဖြစ်နိုင်ခြေတွေ အများကြီး ရှိနေသေးလို့ပါ။ ကျွန်တော်တို့အသင်းဟာ လူငယ်ကစားသမားတွေနဲ့ ဖွဲ့စည်းထားပြီး အခုရာသီမှာ ကျွန်တော်တို့ ရရှိခဲ့တဲ့ အောင်မြင်မှုတွေ အားလုံးနဲ့ ထိုက်တန်ပါတယ်။ ဒီအသင်းနဲ့လက်တွဲ ပြီး အလုပ်လုပ်ခွင့်ရတဲ့အတွက် ကျွန်တော် အရမ်း ပျော်ပါတယ်။ ကျွန်တော်တို့အနေနဲ့ အခုထက်ပိုပြီး တိုးတက်ဖို့အတွက် အစွမ်းကုန်ကြိုးစားသွားမှာပါ။ ကျွန်တော်တို့အနေနဲ့ ဖလားတွေအများကြီး ထပ်ပြီးရယူချင်ပါတယ်။ ဒီအသင်းက ဘာစီလိုနာအသင်းဖြစ်ပြီး ဆုဖလားတွေ ရယူနိုင်ဖို့ လိုပါတယ်''ဟု ပြောကြားခဲ့သည်။

ဟန်ဆီဖလစ်ခ်သည် ဘာစီလိုနာအသင်းကို လက်ရှိအချိန်ထိ ပြိုင်ပွဲစုံ (၅၉) ပွဲ ကို်င်တွယ်ခဲ့ရာတွင် (၄၃) ပွဲအထိ အနိုင်ရခဲ့ပြီး (၉) ပွဲ ရှုံးကာ (၇) ပွဲသရေကျထားသည်။

ဘာစီလိုနာအသင်းသည် ဟန်ဆီဖလစ်ခ်လက်ထက်တွင် သွင်းဂိုး (၁၇၁) ဂိုးအထိ သွင်းယူထားပြီး (၇၂) ဂိုးသာ ပြန်ပေးခဲ့ရသည်။

ဟန်ဆီဖလစ်ခ်သည် ဘာစီလိုနာအသင်းကို (၅၉) ပွဲကိုင်တွယ်ရာတွင် အနိုင်(၇၂.၈၈) ရာခိုင်နှုန်းအထိ ရရှိအောင် စွမ်းဆောင်ပေးထားပြီး ပထမဆုံးရာသီမှာပင် လာလီဂါ၊ စပိန်ဘုရင့်ဖလားနှင့် စပိန်စူပါဖလားများ ကို ရယူပေးနိုင်ခဲ့ခြင်းဖြစ်သည်။

 

Most Read

Most Recent