ယူရို-၂၀၂၈ ပြိုင်ပွဲ ပူးတွဲအိမ်ရှင်များဖြစ်သည့် အင်္ဂလန်၊ စကော့တလန်၊ ဝေးလ်စ်နှင့် အိုင်ယာလန် ခြေစစ်ပွဲဝင်ရမည်ဟု UEFA ဆုံးဖြတ်

ယူရို-၂၀၂၈ ပြိုင်ပွဲ ပူးတွဲအိမ်ရှင်များဖြစ်သည့် အင်္ဂလန်၊ စကော့တလန်၊ ဝေးလ်စ်နှင့် အိုင်ယာလန် ခြေစစ်ပွဲဝင်ရမည်ဟု UEFA ဆုံးဖြတ်
Photo: UEFA
Photo: UEFA
Published 22 May 2025

ယူရို-၂၀၂၈ ပြိုင်ပွဲ ပူးတွဲအိမ်ရှင်များအဖြစ် လက်ခံကျင်းပမည့် အင်္ဂလန်၊ စကော့တလန်၊ ဝေးလ်စ်နှင့် အိုင်ယာလန်သည် ခြေစစ်ပွဲဝင်ရမည်ဖြစ်ကြောင်း ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)က ဆုံးဖြတ်ခဲ့သည်။

ယူရိုပါလိဂ်ဗိုလ်လုပွဲမတိုင်မီ ပြုလုပ်ခဲ့သော UEFA အမှုဆောင်ကော်မတီအစည်းအဝေးတွင် ယခုကဲ့သို့ အတည်ပြုခဲ့ခြင်း ဖြစ်သည်။

သို့သော် အိမ်ရှင်အသင်းအနေဖြင့် ခြေစစ်ပွဲမအောင်မြင်လျှင် ဝင်ခွင့်နှစ်နေရာကို သီးသန့်ထားရှိပေးမည်ဖြစ်ကြောင်း သိရသည်။

ယူရို-၂၀၂၈ ပြိုင်ပွဲကို ပြိုင်ပွဲဝင်(၂၄) သင်းဖြင့် နိုင်ငံ(၄)နိုင်ငံရှိ ကွင်း(၉)ကွင်းတွင် ကျင်းပရန် စီစဉ်ထားခြင်းဖြစ်သည်။

ယခင် ယူရိုပြိုင်ပွဲများတွင် အိမ်ရှင်နိုင်ငံများအနေဖြင့် ပြိုင်ပွဲကို အလိုအလျောက်ယှဉ်ပြိုင်ခွင့်ရသော်လည်း လာမည့်ပြိုင်ပွဲတွင်မူ UEFA က ယင်းစည်းမျဉ်းကို အပြောင်းအလဲ ပြုလုပ်ခဲ့သည်။

UEFA သည် ယူရို-၂၀၂၈ ပြိုင်ပွဲအတွက် လေးသင်း သို့မဟုတ် ငါးသင်း ပါဝင်သည့် ခြေစစ်ပွဲအုပ်စု(၁၂)ခု ရေးဆွဲမည်ဖြစ်ပြီး ပူးတွဲအိမ်ရှင်များဖြစ်သည့်  အင်္ဂလန်၊ စကော့တလန်၊ ဝေးလ်စ်နှင့် အိုင်ယာလန်တို့သည် မတူညီသည့်အုပ်စုများတွင် ကျရောက်မည်ဖြစ်သည်။

အုပ်စုပထမရ (၁၂)သင်းနှင့် အကောင်းဆုံးဒုတိယရ (၈)သင်းသည် ခြေစစ်ပွဲအောင်မြင်မည်ဖြစ်ပြီး  သီးသန့်ထားရှိမည့် လက်ကျန်နှစ်နေရာအတွက် ခြေစစ်ပွဲမအောင်မြင်သည့် အိမ်ရှင်နိုင်ငံများမှ Ranking အမြင့်ဆုံးနှစ်သင်းကို ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။

ကျန်ဝင်ခွင့်နေရာများအတွက် လက်ကျန်အုပ်စုဒုတိယရအသင်းများနှင့် ၂၀၂၆-၂၇ UEFA Nations League ပြိုင်ပွဲမှ ခြေစစ်ပွဲမအောင်မြင်သည့် အုပ်စုပထမရအသင်းများကို Play-offs ကစားစေမည်ဖြစ်သည်။

အိမ်ရှင်နိုင်ငံများ၏နေရာများပေါ်မူတည်၍ Play-offs ဝင်ခွင့်မှာ နှစ်သင်းမှ လေးသင်းအကြား အပြောင်းအလဲရှိသွားနိုင်ပြီး ကစားသည့်ပုံစံကိုလည်း သုံးမျိုး စီစဉ်ထားသည်။

သီးသန့်ထားရှိသည့် ဝင်ခွင့်နှစ်နေရာကို အိမ်ရှင်အသင်းများက ရယူခဲ့လျှင် အသင်း(၈)သင်း၊ လမ်းကြောင်းနှစ်ခုဖြင့် ဆီမီးဖိုင်နယ်နှင့် ဗိုလ်လုပွဲ တစ်ကျော့စီ၊ သီးသန့်တစ်နေရာသာ  ရယူခဲ့လျှင် အသင်း(၁၂)သင်း၊ လမ်းကြောင်းသုံးခုဖြင့် ဆီမီးဖိုင်နယ်နှင့် ဗိုလ်လုပွဲ တစ်ကျော့စီ၊ သီးသန့်နှစ်နေရာစလုံး မရယူခဲ့လျှင် အသင်း(၈)သင်း၊ အိမ်ကွင်း/အဝေးကွင်းနှစ်ကျော့ကစားကာ အနိုင်ရသည့်အသင်းများ ခြေစစ်ပွဲအောင်မြင်စေမည်ဖြစ်သည်။

ယူရို-၂၀၂၈ ပြိုင်ပွဲ လက်ခံကျင်းပမည့် ကွင်း(၉)ကွင်းတွင် အင်္ဂလန်မှ (၆)ကွင်းအထိ ပါဝင်ပြီး ဝင်ဘလေ၊ အစ်တီဟတ်၊ အန်ဖီးလ်၊ ဗီလာပတ်ခ်၊ ဟေးလ်ဒစ်ကင်ဆင်၊ စိန့်ဂျိမ်းစ်ပတ်ခ်ကွင်းများကို ရွေးချယ်ထားသည်။

အခြား ကွင်း(၃)ကွင်းမှာ အိုင်ယာလန်မှ Aviva ကွင်း၊ စကော့တလန်မှ ဟမ်ဒန်ပတ်ခ်၊ ဝေးလ်စ်မှ The Principality ကွင်းများဖြစ်သည်။

ခြေစစ်ပွဲ ပွဲစဉ်ဇယားကို ယခုနှစ်အတွင်း ဆောင်းဦးကာလတွင် ထုတ်ပြန်ဖွယ်ရှိကြောင်း သိရသည်။

 

Most Read

Most Recent