ယမားလ်သည် ဘာစီလိုနာအသင်းတွင် သမိုင်းသစ်ရေးမည့်သူဖြစ်ပြီး Ballon d'Or ဆုကို အကြိမ်များစွာ ရယူနိုင်မည်ဟု ရော်နယ်လ်ဒင်ဟို ဆို

ယမားလ်သည် ဘာစီလိုနာအသင်းတွင် သမိုင်းသစ်ရေးမည့်သူဖြစ်ပြီး Ballon d'Or ဆုကို အကြိမ်များစွာ ရယူနိုင်မည်ဟု ရော်နယ်လ်ဒင်ဟို ဆို
Photo: Getty Images
Photo: Getty Images
Published 22 May 2025

ဘာစီလိုနာဂန္ထဝင် ရော်နယ်လ်ဒင်ဟိုက လူငယ်တိုက်စစ်ကစားသမား ယမားလ်သည် ဘာစီလိုနာအသင်းတွင် သမိုင်းသစ်ရေးထိုးမည့်သူ ဖြစ်ပြီး Ballon d'Or ဆုကို အကြိမ်များစွာ ရယူနိုင်လိမ့်မည်ဟု ပြောကြားခဲ့သည်။

စပိန်လက်ရွေးစင်လူငယ်တိုက်စစ်ကစားသမား ယမားလ်သည် အသက် (၁၇) နှစ်သာ ရှိသေးသော်လည်း ဘာစီလိုနာအသင်းနှင့်အတူ လာလီဂါ (၂) ကြိမ်အပါအဝင် ဆုဖလား (၄) လုံးအထိ ရယူထားသလို၊ စပိန်အသင်းနှင့်လည်း ၂၀၂၄ ယူရိုဖလား ရရှိထားသည်။

၎င်းသည် လက်ရှိတွင် ဘာစီလိုနာအသင်းအတွက် ပြိုင်ပွဲစုံ (၁၀၅) ပွဲတွင် (၂၅) ဂိုးသွင်းယူထားသလို၊ စပိန်လက်ရွေးစင်အသင်းအတွက်လည်း (၁၉) ပွဲတွင် (၄) ဂိုး  သွင်းယူထားသည်။

အသက် (၁၇) နှစ်အရွယ်တွင် ယမားလ်၏ စွမ်းဆောင်မှုမှာ ဘောလုံးလောကတွင် ထာဝရအကောင်းဆုံးကစားသမားများအဖြစ် သတ်မှတ်ခံထားရသည့် မက်ဆီနှင့် စီရော်နယ်လ်ဒို၏အသက် (၁၇) နှစ်အရွယ်က စွမ်းဆောင်မှုထက် များစွာသာလွန်နေကြောင်း သိရသည်။

ထို့ပြင် ယမားလ်သည် ယခုရာသီတွင် လာလီဂါအပါအဝင် ပြည်တွင်းဖလား (၃) လုံးရရှိခဲ့သည့် ဘာစီလိုနာအတွက် အဓိကခြေစွမ်းပြခဲ့သူဖြစ်သည်။

ယမားလ်သည် ယခုရာသီတွင် ဘာစီလိုနာအသင်းအတွက် ပြိုင်ပွဲစုံ (၅၄) ပွဲတွင် (၁၈) ဂိုးသွင်းကာ ဂိုးဖန်တီးမှု (၂၅) ကြိမ် ပြုလုပ်ထားသည်။

ထို့ ကြောင့် ယမားလ်အနေဖြင့် ၂၀၂၅ Ballon d'Or ဆုကိုပါ ရယူနိုင်မည်ဟု သုံးသပ်မှုများ ရှိနေသည်။

ယခုအခါ ရော်နယ်လ်ဒင်ဟိုက ''ကျွန်တော်နဲ့ မက်ဆီက ဘာစီလိုနာမှာ သမိုင်းတွေ ရေးခဲ့ပြီးပါပြီ။ အခုက ယမားလ်အလှည့်ပါပဲ။ ဒီအသက်အရွယ်မှာ သူ လုပ်ပြခဲ့တာတွေက အံ့မခန်းပါပဲ။ ကျွန်တော့်အနေနဲ့ သူ့လိုကစားသမားတွေကို ကြည့်ရတာ နှစ်သက်ပါတယ်။ ယမားလ်အနေနဲ့ ကျွန်တော်တို့လို ကစားသမားဘဝမျိုး ပိုင်ဆိုင်နိုင်ဖို့ မျှော်လင့်ပါတယ်။ ကျွန်တော့်အနေနဲ့ ကစားသမားတွေကို နှိုင်းယှဉ်ရတာမျိုးကို မနှစ်သက်ပါဘူး။ ဘာလို့လဲဆိုတော့ ကစားသမားတိုင်းက ပင်ကိုဟန်တွေ ရှိပါတယ်။ အရေးကြီးတာက ယမားလ်အနေနဲ့ ပရိသတ်တွေကို ဖျော်ဖြေမှု ပေးနိုင်ဖို့ပါပဲ။ သူ့အနေနဲ့ အခုထက် ပိုကောင်းလာဖို့ မျှော်လင့်ပါတယ်။ ယမားလ်ဟာ Ballon d'Orကို ရယူနိုင်စွမ်းရှိသူဖြစ်ပါတယ်။ သူ့ အနေနဲ့ Ballon d'Or ကို အကြိမ်များစွာ ရယူနိုင်ပါလိမ့်မယ်''ဟု ပြောကြားခဲ့သည်။

 

Most Read

Most Recent