■ ယခုရာသီကုန်တွင် အသင်းမှထွက်ခွာမည့် ဒီဘရိုင်းနားအတွက် မန်စီးတီးအသင်း ရုပ်တုတည်ဆောက်ကာ ဂုဏ်ပြုမည်

■ ယခုရာသီကုန်တွင် အသင်းမှထွက်ခွာမည့် ဒီဘရိုင်းနားအတွက် မန်စီးတီးအသင်း ရုပ်တုတည်ဆောက်ကာ ဂုဏ်ပြုမည်
Photo: YouTube
Photo: YouTube
Published 21 May 2025

မန်စီးတီးအသင်းသည် ယခုရာသီကုန်တွင် အသင်းမှထွက်ခွာမည့် ဘယ်လ်ဂျီယံဝါရင့်ကွင်းလယ်ကစားသမား ဒီဘရိုင်းနားအတွက် နှုတ်ဆက်ပွဲ ပြုလုပ်ခဲ့ပြီး ရုပ်တုတည်ဆောက်ကာ ဂုဏ်ပြုသွားမည်ဖြစ်ကြောင်း အတည်ပြုကြေညာခဲ့သည်။

အသက် (၃၃) နှစ်အရွယ်ရှိ ဒီဘရိုင်းနားသည် ၂၀၁၅ နွေရာသီတွင် ဝုလ်ဖ်ဘတ်အသင်းမှ မန်စီးတီးအသင်းထံသို့ ပေါင် (၅၅) သန်းဖြင့် ရောက်ရှိလာခဲ့သူဖြစ်သည်။

၎င်းသည် မန်စီးတီးအသင်းအတွက် ဆယ်စုနှစ်တစ်ခုအတွင်း ပြိုင်ပွဲစုံ  (၄၂၁) ပွဲ ကစားခဲ့ပြီး (၁၀၈) ဂိုးသွင်းယူခဲ့ကာ အသင်းနှင့်အတူ ပရီးမီးယားလိဂ် (၆)ကြိမ်၊ ချန်ပီယံလိဂ် (၁)ကြိမ်အပါအဝင် ဖလား(၁၆)လုံးအထိ ရယူနိုင်ခဲ့သည်။

ဒီဘရိုင်းနားသည် ယခုရာသီကုန်တွင် မန်စီးတီးအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး အသင်းဘက်က စာချုပ်သက်တမ်းမတိုးရန် ဆုံးဖြတ်ခဲ့ခြင်းကြောင့် ယခုရာသီကုန်တွင် ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ထွက်ခွာမည်ဖြစ်သည်။

မန်စီးတီးအသင်းသည် မေ (၂၀) ရက်က ဘုန်းမောက်အသင်းနှင့် ကစားခဲ့သည့် ယခုရာသီ ပရီးမီးယားလိဂ်အိမ်ကွင်း နောက်ဆုံးပွဲစဉ်အပြီးတွင် အသင်းမှထွက်ခွာမည့် ဒီဘရိုင်းနားကို နှုတ်ဆက်ပွဲပြုလုပ်ခဲ့ခြင်းဖြစ်သည်။

မန်စီးတီးကစားသမားများနှင့် ဝန်ထမ်းများသည် ဒီဘရိုင်းနားကို Guard of Honor ဖြင့် ဂုဏ်ပြုခဲ့ကြပြီး အသင်းဖော်ဟောင်းများဖြစ်သည့် အဂွဲရိုး၊ ကွန်ပနီ၊ ဖာနန်ဒင်ဟို၊ စတာလင်၊ ဆာနေး၊ ဂျိုးဟတ်တို့သည် ရုပ်သံမှတစ်ဆင့် ၎င်းကို ဂုဏ်ပြုစကားများ ပြောကြားခဲ့ကြကြောင်း သိရသည်။

ဒီဘရိုင်းနားက မန်စီးတီးအသင်းသည် ၎င်း၏အိမ်ဖြစ်သည်ဟု အစချီကာ အသင်းတွင် ၎င်းမျှော်လင့်ထားသည်ထက် ပိုအောင်မြင်ခဲ့ပြီး ၎င်းကို အားပေးခဲ့ကြသည့် ပရိသတ်များကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

မန်စီးတီးနည်းပြ ဂွါဒီယိုလာကိုမူ မျက်ရည်များဖြင့် မြင်တွေ့ခဲ့ရသည်။

မန်စီးတီးအသင်းသည် ဒီဘရိုင်းနား၏နှုတ်ဆက်ပွဲတွင် အသင်းအတွက် လုပ်ဆောင်ခဲ့မှုများအတွက် ၎င်းကို ရုပ်တုတည်ဆောက်ကာ ဂုဏ်ပြုသွားမည်ဟု ကြေညာခဲ့သည်။

Most Read

Most Recent