အက်စ်ပန်ညို-ဘာစီလိုနာပွဲ မစတင်မီ ကွင်းအပြင်ဘက်၌ ကားတစ်စီးက လူအုပ်အတွင်းသို့ အရှိန်ဖြင့် ဝင်တိုက်ခဲ့သောကြောင့် လူ (၁၃) ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
လူမှုမီဒီယာများတွင် ထွက်ပေါ်လာသည့် ဗီဒီယိုမှတ်တမ်းများအရ အိမ်ရှင်အက်စ်ပန်ညိုအသင်းပရိသတ်များက အသင်းဘတ်စ်ကားကို စောင့်ဆိုင်းနေစဉ် ရပ်ထားသည့်ကားတစ်စီးကို ပစ္စည်းများဖြင့် ၀ိုင်းဝန်းပစ်ပေါက်ခဲ့သောကြောင့် အဆိုပါကားက လူအုပ်အတွင်းသို့ တိုးဝင်မောင်းနှင်ခဲ့ရာမှ ထိခိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ရဲတပ်ဖွဲ့၏ထုတ်ပြန်မှုအရ အဆိုပါဖြစ်စဉ်ကြောင့် (၁၃) ဦးဒဏ်ရာရရှိခဲ့ပြီး ၎င်းင်းတို့အနက် လေးဦးကို ဆေးရုံပို့ဆောင်ခဲ့ရ သော်လည်း ပြင်းထန်မှုမရှိကြောင်း သိရသည်။
ယင်းဖြစ်ရပ်ကြောင့် ပွဲကို မိနစ်အနည်း ငယ်နောက်ကျပြီးမှ စတင်နိုင်ခဲ့ပြီး ယာဉ်မောင်းဖြစ်သူကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။
ဘာစီလိုနာအသင်းသည် အဆိုပါပွဲစဉ်တွင် အက်စ်ပန်ညိုအသင်းကို (၂-၀) ဂိုးဖြင့် အနိုင်ရခဲ့ပြီး လာလီဂါချန်ပီယံဆုကိုပါ သိမ်းပိုက်နိုင်ခဲ့သည်။
ဘာစီလိုနာအသင်းသည် လာလီဂါပွဲစဉ် (၃၆) အပြီးတွင် ရမှတ် (၈၅)မှတ် ရရှိထားပြီး အဆင့် (၂) နေရာမှ ရီးယဲလ်မက်ဒရစ်အသင်း (၇၈ မှတ်)ကို (၇) မှတ်ဖြတ်ထားနိုင်သော်လည်း ရာသီကုန်ဆုံးရန် (၂) ပွဲအလိုမှာပါ ချန်ပီယံဆုကို ရယူနုင်ခဲ့ခြင်းဖြစ်သည်။















