■ ဂွါဒီယိုလာ၊ မန်စီးတီးနှင့် ဖလားတစ်လုံး၏ တန်ဖိုး

■ ဂွါဒီယိုလာ၊ မန်စီးတီးနှင့် ဖလားတစ်လုံး၏ တန်ဖိုး
Photo: Getty Images
Photo: Getty Images
Published 16 May 2025
Wai Yan Aung

မန်စီးတီးအသင်း ဒီရာသီမှာ ဘယ်လိုရုန်းကန်ဖြတ်သန်းခဲ့ရသလဲဆိုတာကို ပရိသတ်တွေက သိပ်အကြာကြီးမှတ်မိနေမှာ မဟုတ်ပါဘူး။ နောင်တစ်ချိန် မှတ်တမ်းတွေကို ပြန်ကြည့်တဲ့အခါ ဒီရာသီမှာ ဘာဆုဖလားတွေ ရယူနိုင်သလဲ၊ အဆင့်ဘယ်လောက်မှာ ရပ်တည်ခဲ့သလဲဆိုတာတွေကသာ အဓိကကျနေမှာပါ။ အထူးသဖြင့်ကတော့ ထိပ်သီးအသင်းတွေအတွက် ဆုဖလားအောင်ပွဲသည်သာ အဓိကတိုင်းတာရမယ့်အရာ ဖြစ်နေပါတယ်။ ဖလားလက်မဲ့ ဆိုတာက ထိပ်သီးအသင်းတွေအတွက် ဂုဏ်သိက္ခာကို ထိပါးစေတဲ့ အမည်းစက်လိုအရာမျိုးလည်း ဖြစ်နေပါတယ်။

အင်္ဂလန်မှာသာမက ကမ္ဘာ့ဘောလုံးလောကမှာပါ ရှေးအကျဆုံးအဖြစ် သတ်မှတ်ခံထားရတဲ့ FA ဖလားပြိုင်ပွဲရဲ့ နောက်ဆုံးဗိုလ်လုပွဲကိုတော့ ဒီနေ့ည ယှဉ်ပြိုင်ကစားမှာပါ။ ဝင်ဘလေကွင်းမှာ ကျင်းပသွားမှာဖြစ်ပြီး ယှဉ်ပြိုင်ရမယ့်နှစ်သင်းက ခရစ္စတယ်ပဲလေ့စ်နဲ့ မန်စီးတီးတို့ ဖြစ်ပါတယ်။ အသင်းနှစ်သင်းရဲ့ အနေအထားကတော့ မိုးနဲ့မြေလို ကွာခြားတယ်လို့ ဆိုနိုင်ပါတယ်။ FA ဖလားပြိုင်ပွဲ မှတ်တမ်းသက်သက်ကိုပဲ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် မန်စီးတီးက ဆုဖလား(၇)ကြိမ်ရရှိထားတဲ့ ဆဋ္ဌမအအောင်မြင်ဆုံးအသင်းဖြစ်ပြီး ခရစ္စတယ်ပဲလေ့စ်ကတော့ ဗိုလ်လုပွဲနှစ်ကြိမ်သာ ရောက်ရှိဖူးပါတယ်။ ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့သမိုင်းမှာ တခြားဆုဖလားအောင်ပွဲ မှတ်တမ်းလည်း မရှိသလောက်ပါပဲ။ ဒီရာသီရဲ့ လတ်တလောရလဒ်ပိုင်းကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင်လည်း မန်စီးတီးအသင်း ယိမ်းယိုင်ပြိုလဲတဲ့ရာသီ ဖြစ်ခဲ့တာတောင် ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ပိုင်းမှာတော့ ဝင်ဆံ့နေဆဲပါပဲ။ ခရစ္စတယ်ပဲလေ့စ်ကတော့ အဆင့်(၁၂)နေရာမှာပါ။ ဒါကြောင့်လည်း FA ဖလားချန်ပီယံဆုအတွက် အလေးပေးရာမှာ မန်စီးတီးအသင်းက (၂း၅)လေးနဲ့ ရေပန်းအ စားဆုံးဖြစ်နေပြီး ခရစ္စတယ်ပဲလေ့စ်အသင်းက (၁၂း၅)လေးသာ သတ်မှတ်ခံထားရပါတယ်။ မန်စီးတီးပဲ ဗိုလ်စွဲလိမ့်မယ်လို့ ယူဆထားကြတဲ့ အခြေအနေဖြစ်ပြီး မထင်မှတ်တာတွေ ဖြစ်၊ မဖြစ်ဆိုတာကတော့ လက်တွေ့ခြေစွမ်းနဲ့သာ အကဲဖြတ်ရမှာပါ။ FA ဖလားမှာ အသင်းငယ်တွေက အံ့အားသင့်စရာတွေ လုပ်ပြတတ်တဲ့ သာဓကရှိခဲ့ဖူးပေမဲ့ အခု နောက်ပိုင်းမှာ ဆုဖလားအပေါ် အသင်းကြီးတွေရဲ့ တန်ဖိုးထားမှု မြင့်တက်လာတာကြောင့် အသင်းငယ်တွေအတွက် အခွင့်အရေးတော့ နည်းပါးလာပါတယ်။ ပြီးတော့ မန်စီးတီးအသင်းက ဖလားလက်မဲ့မဖြစ်အောင် အားကုန်ထုတ်မယ့်အခြေအနေလည်း ရှိနေပါသေးတယ်။

■ ဖလားလက်မဲ့

ဒီစကားလုံးက ခရစ္စတယ်ပဲလေ့စ်အတွက်တော့ သူစိမ်းဆန်တဲ့ စကားလုံးမဟုတ်ပါဘူး။ မန်စီးတီးအသင်းအနေနဲ့လည်း ဟိုးတုန်းကဆိုရင်တော့ ဒီစကားလုံးနဲ့ တရင်းတနှီး ရှိခဲ့ဖူးပါတယ်။ ဖလားလက်မဲ့ရာသီပေါင်းများစွာကို ဖြတ်သန်းခဲ့ရဖူးတာကြောင့်ပါ။ ဒါပေမဲ့ အသင်းကို ယူအေအီးစော်ဘွားတွေ ပိုင်ဆိုင်ခဲ့ပြီးတဲ့နောက်မှာတော့ အခြေအနေက ပြောင်းလဲသွားခဲ့ပါတယ်။ ၂၀၁၀-၁၁ ရာသီမှာ FA ဖလားရရှိခဲ့တာက မန်စီးတီးအသင်းအတွက် ဆုဖလားအောင်ပွဲတွေရဲ့အစ ဖြစ်လာခဲ့ပြီး အဲဒီရာသီကနေ ပြီးခဲ့တဲ့ ၂၀၂၃-၂၄ ရာသီအထိ စုစုပေါင်း (၁၄)ရာသီအတွင်းမှာ ဆုဖလားနဲ့လွဲတာ (၃)ရာသီသာ ရှိခဲ့ပါတယ်။ အီတလီနည်းပြ မန်စီနီလက်ထက် ၂၀၁၂-၁၃ ရာသီ၊ ချီလီနည်းပြ ပယ်လီဂရီနီလက် ထက် ၂၀၁၄-၁၅ရာသီနဲ့ ဂွါဒီယိုလာ ပထမဆုံးကိုင်တွယ်တဲ့ ၂၀၁၆-၁၇ ရာသီတွေမှာပါ။ ၂၀၁၆-၁၇ ရာသီက ဂွါဒီယိုလာရဲ့ နည်းပြသက်တမ်းတစ်လျှောက် ပထမဆုံးအကြိမ် ဖလားလက်မဲ့ရာသီနဲ့ ရင်ဆိုင်ခဲ့ရခြင်းပါပဲ။ ဂွါဒီယိုလာက ဘာစီလိုနာမှာ ရော ဘိုင်ယန်မြူးနစ်မှာပါ ရာသီတိုင်း ဆုဖလား အောင်ပွဲရယူနိုင်ခဲ့သူ ဖြစ်တာကြောင့်ပါ။ မန်စီးတီးနည်းပြဘဝ ပထမဆုံးရာသီမှာ ဖလားလက်မဲ့အဖြစ် အဆုံးသတ်ဖို့ နီးကပ်လာချိန်မှာ ဂွါဒီယိုလာ ပြောခဲ့ဖူးတဲ့ အမှတ်ရစရာစကားလည်း ရှိနေပါတယ်။ အဲဒါကတော့ "ဆုဖလားအောင်ပွဲ မရယူနိုင်ဘူးဆိုရင် ဒီနေရာမှာ ကျွန်တော် ကာလရှည်ကြာ ဆက်ရှိနေ မှာ မဟုတ်ပါဘူး။ ဖလားလက်မဲ့ဆိုတာက ကောင်းမွန်တဲ့ ရာသီတစ်ခု မဟုတ်ပါဘူး"လို့ ပြောကြားခဲ့တာပါ။ ဂွါဒီယိုလာက သူ့စကားအတိုင်းပဲ နောက်ရာသီကစပြီး ဆုဖလားတွေ မလွတ်တမ်း ရယူပေးခဲ့ပါတယ်။ ထိပ်သီးအသင်းဖြစ်တိုင်း မျှော်လင့်လို့မရနိုင်တဲ့ ဖလားသုံးလုံးအောင်ပွဲကိုပါ ရယူပေးနိုင်ခဲ့ပါတယ်။ ပြိုင်ဆိုင်မှုပြင်းထန်လွန်းပါတယ်ဆိုတဲ့ ပရီးမီးယားလိဂ်လို ပြိုင်ပွဲမှာ ချန်ပီယံဆုကို (၄)ရာသီ ဆက်တိုက်ရယူပြီး ပြိုင်ဘက်အားလုံးကို တုန်လှုပ်ချောက်ချားစေခဲ့ပါတယ်။ ဒါပေမဲ့ ဒီရာသီမှာတော့ ထင်မှတ်မထားတဲ့ ယိမ်းယိုင်မှုတွေနဲ့အတူ ဖလားလက်မဲ့ရာသီနဲ့ ကြုံတွေ့သွားရနိုင်တဲ့ အခြေအနေမျိုး ဖြစ်လာခဲ့ပါတယ်။ ဒီလိုမဖြစ်အောင် ဂွါဒီယိုလာ စွမ်းဆောင်နိုင်မလားလို့ မေးရင်တော့ ခရစ္စတယ်ပဲလေ့စ်အသင်းက ဘယ်လောက်အထိ တုံ့ပြန်နိုင်မလဲဆိုတဲ့ အချက်အပေါ်မှာပဲ မူတည်နေတယ်လို့ ပြန်ဖြေရမှာပါ။ ခရစ္စတယ်ပဲလေ့စ်လို အသင်းတစ်သင်းရဲ့ ရပ်တည်မှုက ဆုဖလားအောင်ပွဲတွေအပေါ် မှီခိုခြင်းမရှိပါဘူး။ ပရီးမီးယားလိဂ်မှာ တန်းဆင်း အန္တရာယ်အတွက် ပူပန်ရခြင်းမရှိဘဲ ဖြတ်သန်းနိုင်ရင်ပဲ ပထမအဆင့်အောင်မြင်ပြီလို့ ဆိုရမှာဖြစ်ပြီး ရပ်တည်မှုအဆင့်မြင့်ဖို့၊ ဥရောပဝင်ခွင့်ကိုပါ မျှော်မှန်းနိုင်ဖို့ ဆိုတာတွေက အပိုဆုတွေလို ဖြစ်နေတာပါ။ ခရစ္စတယ်ပဲလေ့စ်အသင်းက ၂၀၁၃-၁၄ ရာသီမှာ လိဂ်ချန်ပီယံရှစ်ကနေ ပရီးမီးယားလိဂ်ကို တန်းတက်ခွင့်ရလာခဲ့ပြီးကတည်းက ပရီးမီးယားလိဂ်မှာ ရှင်သန်ခွင့်ရအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ အသင်းရဲ့ ရပ်တည်မှုအဆင့်တွေကို ကြည့်လိုက်ရင် အခုနောက်ပိုင်း တိုးတက်မှုရှိလာတယ်လို့ ဆိုရမှာ ဖြစ်ပြီး ပြီးခဲ့တဲ့ရာသီမှာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရပ်တည်မှုရဲ့ အပေါ်ဘက်ခြမ်း(၁၀)သင်းစာရင်းထဲ ရောက်ရှိခဲ့ပါတယ်။ ဒီရာသီမှာလည်း လောလောဆယ် အဆင့်(၁၂)နေရာမှာရှိနေပြီး အဆင့် (၁၀)နေရာမှာ နောက်တစ်ကြိမ်ရပ်တည်နိုင်ဖို့ မျှော်လင့်ချက်ရှိနေပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်မှာတော့ အဲဒီရပ်တည်မှုထက် FA ဖလားက ပိုပြီး တန်ဖိုးကြီးနေမှာ သေချာပါတယ်။ တတိယအကြိမ်မြောက် တက်ရောက်နိုင်ခဲ့တဲ့ FA ဖလားဗိုလ်လုပွဲမှာ အစွမ်းအစအကုန် ထုတ်သုံးပြီး တိုက်ပွဲဝင်သွားမှာလည်း သေချာနေပါတယ်။ ခရစ္စတယ်ပဲလေ့စ်အ သင်းက FA ဖလားဗိုလ်လုပွဲကို ၁၉၈၉-၉၀ ရာသီမှာတစ်ကြိိမ်၊ ၂၀၁၅-၁၆ ရာသီမှာတစ်ကြိမ် တက်ရောက်နိုင်ခဲ့ပြီး အဲဒီနှစ်ကြိမ်စလုံး မန်ယူအသင်း ကို အရှုံံးပေးခဲ့ရတာပါ။ အခုလည်း မန်ချက်စတာမြို့ခံတစ်သင်းဖြစ်တဲ့ မန်စီးတီးအသင်းနဲ့ ဆုံတွေ့ရ ပြန်ပါပြီ။ 

■ အဆုံးသတ်

မန်စီးတီးလိုအသင်းကို ကျော်လွှားပြီး ဆုဖလားအောင်ပွဲ ရယူနိုင်ဖို့ဆိုတာ ခရစ္စတယ်ပဲလေ့စ်အတွက် ဖြစ်နိုင်ခြေနည်းပါးလွန်းတဲ့ မျှော်မှန်းချက် ဖြစ်နေပေမဲ့ မဖြစ်နိုင်တဲ့အရာတော့ မဟုတ်ပါဘူး။ မန်စီးတီးအသင်း  အရှိန်အဟုန်ကောင်းနေချိန်မျိုးမှာဆိုရင်တော့ ဒီထက်မျှော်လင့်ချက် နည်းပါးနိုင်ပါတယ်။ ဒါပေမဲ့ ဒီရာသီ မန်စီးတီးအသင်းက အရင်ရာသီတွေနဲ့ ခြားနားနေပါတယ်။ တိုက်စစ်မှူး ဟာလန်း ဝန်ခံထားတဲ့အတိုင်းပဲ မန်စီးတီးကစားသမားတွေမှာ အောင်ပွဲအပေါ် ဆာလောင်စိတ် လျော့ကျနေပါတယ်။ ဒါကြောင့် မတည်ငြိမ်တဲ့ရလဒ်တွေနဲ့ ရုန်းကန်ခဲ့ရတာဖြစ်ပြီး ရာသီအဆုံးသတ်ပိုင်းမှာမှ နိုင်ပွဲတွေ ပြန်ဆက်လာခဲ့တာပါ။ ဒါပေမဲ့ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အမှတ်ပေးဇယားအောက်ဆုံးက ဆောက်သမ်တန်အသင်းကို အနိုင်မရခဲ့ပါဘူး။ ခရစ္စတယ်ပဲလေ့စ်ကတော့ ရာသီအဆုံးသတ်ပိုင်း ပွဲကျပ်ကာလမှာ ရလဒ်တွေ ကျလာခဲ့ပါတယ်။ ဒါက ထိပ်သီးအသင်းတွေနဲ့ ဆက်တိုက်နီးပါး ရင်ဆိုင်ခဲ့ရတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ နောက်ဆုံး(၅)ပွဲဆက် ရှုံးပွဲမရှိခဲ့ပါ ဘူး။ အဲဒီ(၅)ပွဲက ဘုန်းမောက်၊ အာဆင်နယ်၊ အက်စတွန်ဗီလာ၊ နော်တင်ဟမ်ဖောရက်စ်နဲ့ စပါးတို့ဖြစ်တာကြောင့် ပဲလေ့စ်အသင်းရဲ့ ဖြတ်သန်းမှုက အသိအမှတ်ပြုရမယ့် အနေအထားမှာ ရှိနေပါတယ်။ ဒါပေမဲ့ အဲဒီမတိုင်ခင် ပရီးမီးယားလိဂ်မှာ မန်စီးတီးနဲ့ ဆုံတွေ့ချိန်မှာတော့ (၂-၅)ဂိုးနဲ့ မရှုမလှ အရှုံးပေးခဲ့ရပါတယ်။ ပထမအကျော့တုန်းက အိမ်ကွင်းမှာ သရေကျခဲ့ပေမဲ့ မန်စီးတီးနဲ့ ဆုံတွေ့တိုင်း အရှုံးပေးရတာတော့ များပါတယ်။ မန်စီးတီးနဲ့ယှဉ် ရင် နေရာစုံမှာ နိမ့်ပါးနေတာလည်း အမှန်ပါပဲ။ ဒါပေမဲ့ တစ်ပွဲတည်းနဲ့ အဆုံးအဖြတ်ခံယူရမယ့် ဗိုလ်လုပွဲမှာတော့ ဘယ်အသင်းအတွက်မဆို အမှားမခံတာကြောင့် ဘာမဆိုဖြစ်သွားနိုင်ပါတယ်။ နှစ်သင်းစလုံးက ဒီဆုဖလားကို လိုချင်တပ်မက်မှုနှုန်းထားချင်း တူညီနေမယ်ဆိုရင်တောင် ရသမျှအမြတ်လိုဖြစ်နေမယ့် ခရစ္စတယ်ပဲလေ့စ်အသင်းအတွက် ဖိအားနည်းပါတယ်။ မန်စီးတီးအသင်းအတွက်ကတော့ ဖလားလက်မဲ့မဖြစ်ရေးဆိုတဲ့ ဖိအား ရှိနေပါတယ်။ ဒါဟာ တင်ကျန်ခဲ့မယ့် သမိုင်းမှတ်တမ်းကြောင့်လည်း ဖြစ်ပါတယ်။ မန်စီးတီးအသင်း ဒီရာသီမှာ ဘယ်လိုရုန်းကန်ဖြတ်သန်းခဲ့ရသလဲဆိုတာကို ပရိသတ်တွေက သိပ်အကြာကြီးမှတ်မိနေမှာ မဟုတ်ပါဘူး။ နောင်တစ်ချိန် မှတ်တမ်းတွေကို ပြန်ကြည့်တဲ့အခါ ဒီရာသီမှာ ဘာဆုဖလားတွေ ရယူနိုင်သလဲ၊ အဆင့်ဘယ်လောက်မှာ ရပ်တည်ခဲ့သလဲဆိုတာတွေကသာ အဓိကကျနေမှာပါ။ အထူးသဖြင့်ကတော့ ထိပ်သီးအသင်းတွေအတွက် ဆုဖလားအောင်ပွဲသည်သာ အဓိကတိုင်းတာရမယ့်အရာ ဖြစ်နေပါတယ်။ ဖလားလက်မဲ့ ဆိုတာက ထိပ်သီးအသင်းတွေအတွက် ဂုဏ်သိက္ခာကို ထိပါးစေတဲ့ အမည်းစက်လိုအရာမျိုးလည်း ဖြစ်နေပါတယ်။ ရာသီတစ်ခုဖြတ်သန်းတဲ့အခါ ဆုဖလား အောင်ပွဲရယူနိုင်တဲ့အသင်းထက် ဖလားလက်မဲ့ ဖြစ်တဲ့အသင်းက ပိုများတယ်ဆိုပေမဲ့ ရင်းနှီးမြှုပ်နှံမှုတွေ အများကြီးပြုလုပ်ထားတဲ့အသင်း၊ ဆုဖလားတိုင်းကို စိန်ခေါ်နိုင်စွမ်းရှိတဲ့အသင်းတွေကတော့ အမှားလုပ်ခွင့် သိပ်မရှိကြပါဘူး။ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲဝင်အသင်းတွေထဲမှာ ဘယ်အသင်း ဆုဖလားလက်မဲ့ဖြစ်မလဲ။ ချန်ပီယံလိဂ်က ထွက်ခဲ့ရပြီးတဲ့နောက် ဖလားလက်မဲ့ဖြစ်ဖို့ သေချာသွားပြီဖြစ်တဲ့ အာဆင်နယ်အသင်း ပြိုင်ဘက်ပရိသတ်တွေရဲ့ လှောင်ပြောင်မှုနဲ့ ရင်ဆိုင်နေရတာကိုကြည့်ရင် ဖလားတစ်လုံးရဲ့ တန်ဖိုး ဘယ်လောက်ကြီးမားသလဲဆိုတာကိုလည်း မြင်တွေ့ရနိုင်ပါတယ်။ ပရီးမီးယားလိဂ်ရဲ့ Big Six လို့ သတ်မှတ်ထားကြတဲ့ အသင်းတွေထဲမှာ လီဗာပူးလ်က ပရီးမီးယားလိဂ် ချန်ပီယံဆု ရရှိခဲ့ပြီး မန်ယူနဲ့ စပါးတို့က ယူရိုပါလိဂ် ဗိုလ်လုပွဲ တက်ရောက်ခဲ့ပါတယ်။ ချယ်လ်ဆီးက ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့ပါတယ်။ မန်စီးတီးကလည်း FA ဖလားဗိုလ်လုပွဲ တက် ရောက်နိုင်ခဲ့တာကြောင့် အားလုံး ဆုဖလားမျှော်လင့်ချက်ကိုယ်စီ ရှိနေကြပြီး မကြာခင်မှာတော့ ဘယ်အသင်းတွေ ဆုဖလားနဲ့ အောင်ပွဲခံခွင့်ရရှိမလဲ၊ ဘယ်အသင်းတွေ ဖလားလက်မဲ့အဖြစ် အဆုံးသတ်ရမလဲဆိုတာ အဖြေထုတ်ပေးတော့မှာပါ။ အခုပထမဆုံးကတော့ နောက်တစ်ကြိမ် ဖလားလက်မဲ့ရာသီနဲ့ မကြုံတွေ့ရအောင် ဂွါဒီယိုလာ စွမ်းဆောင်နိုင်မလားဆိုတာ  . . . ။

Most Read

Most Recent