အခုအချိန်ကတော့ ဖိုဒန်အတွက် အပြာရောင်တိမ်တိုက်တွေ လွှမ်းမိုးတဲ့ကာလလို့ ဆိုနိုင်တယ်။ မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက အသင်းရဲ့နောက်ပို်င်းပွဲတွေမှာ ဖိုဒန်အပေါ် အားကိုးမှု အနည်းငယ်လျော့ကျနေတဲ့ အနေအထားမျိုးလည်း တွေ့နေရတယ်။ ဒါကလည်း သူကိုယ်တိုင်က ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေရသူ တစ်ဦးဖြစ်တာကြောင့် ဖြစ်ပါလိမ့်မယ်။ ဖိုဒန်က ဒီရာသီမှာ ဒဏ်ရာကြောင့် ပွဲအများစုကို လွဲချော်ခဲ့သလို၊ ကစားခွင့်ရတဲ့ပွဲတွေကလည်း လူစားဝင်ရတဲ့ ပွဲ တွေ၊ ပွဲထွက်ခွင့်ရရင်လည်း လူစားလဲခံရတဲ့ ပွဲတွေ များနေတယ်။ သူ့အနေနဲ့ ဒီအခြေအနေကို ကျော်ဖြတ်ပြီး ဂွါဒီယိုလာရဲ့ယုံကြည်မှုကို ပြန်လည် ရယူနိုင်ဖို့ လိုအပ်နေပါတယ်။ ဖိုဒန် ဒဏ်ရာတွေနဲ့ ရုန်းကန်ရတဲ့ ရာသီမှာ မန်စီးတီးအသင်း ကိုယ်တိုင်လည်း ရုန်းကန်ခဲ့ရပြီး၊ ခရစ္စတယ်ပဲလေ့စ်နဲ့ ကစားမယ့် FA ဖလား ဗိုလ်လုပွဲကသာ ဒီရာသီအတွက် တစ်လုံးတည်းသော ဆုဖလားမျှော်လင့်ချက်ပါ။
၂၀၁၈ ခုနှစ်၊ စပိန်နိုင်ငံ၊ မာလာဂါကို သူ ရောက်နေချိန် သူ့ဘဝက အကြီးအကျယ် ပြောင်းလဲသွားခဲ့တယ်။ အင်္ဂလန် ယူ-၁၉ အသင်းနဲ့အတူ ယူရိုပြိုင်ပွဲဝင်ဖို့ ရောက်ရှိနေချိန်ဖြစ်တယ်။ သူတို့ အသင်းက မာလာဂါမြို့၊ လာမန်ဂါက ဟို တယ်မှာ တည်းကြတယ်။ လော်ဘီမှာ အသင်းဖော်တွေနဲ့အတူ ဖိုဒန် ရှိနေတုန်း လက်တွဲလာတာကြာပြီ ဖြစ်တဲ့ သူ့ကောင်မလေး ဘက်ကာဆီက ဖုန်းဝင်လာတယ်။ သူ ကိုယ်ဝန်လွယ်ထားရပြီတဲ့။ ဖိုဒန်က အဲဒီအချိန်မှာ အသက် (၁၈)နှစ်ပဲ ရှိသေးတယ်။ ဒါပေမဲ့ ဖခင်တစ်ဦးဖြစ်လာတော့မယ်။ အသင်းဖော်ဖြစ်တဲ့ ဘော်တန်က "ဒီသတင်းကို ကြားတော့ သူမယုံ နိုင်ဘူးဖြစ်နေတယ်။ ပြီးတော့ သူ အရမ်းပျော်နေတယ်"လို့ ပြောတယ်။ ဖိုဒန်က အင်္ဂလန်အသင်းနဲ့ အတူ ဆက်မနေတော့ဘူး။ သူ အင်္ဂလန်ကို ပြန်လာတယ်။ အင်္ဂလန်အသင်းက နုတ်ထွက်လာခဲ့တဲ့ အကျိုးဆက်ကတော့ မန်စီးတီးအသင်းရဲ့ ရာသီကြို လေ့ကျင့်ခန်းအစီအစဉ်တွေမှာ အပြည့်အဝ ပူးပေါင်းနိုင်ခဲ့တယ်။ ပြီးတော့ ဘက်ကာကို အနီး ကပ် စောင့်ရှောက် နိုင်ခဲ့ပြီး ၂၀၁၉ ဇန်နဝါရီမှာတော့ ပထမဆုံး သားလေး ရွန်နီကို မွေးဖွားခဲ့တယ်။ ဒီနာမည်က သူ့အဖိုးက ဖိုဒန်ကို ချစ်စနိုးနဲ့ ခေါ်တဲ့ နာမည်ပါ။ ဖိုဒန်က အဲဒီနာမည်ကို သူ့ သားလေးဆီကို လက်ဆင့်ကမ်းခဲ့တယ်။
ဖိုဒန်တို့ မိသားစုက အရမ်းရင်းနှီးပြီး နွေးထွေးတဲ့ ဆက်ဆံရေးရှိတယ်။ ဖိုဒန်တို့မှာ ညီအစ်ကို မောင်နှမ ခြောက်ဦးတောင် ရှိပြီး ဖိုဒန်အောက်က ညီမနှစ်ဦးက ဖိုဒန်ရဲ့သား ရွန်နီနဲ့ အသက်တောင် သိပ်မကွာဘူး။ ဖိုဒန်ကိုယ်တိုင်လည်း သူ့အောက် က ညီဖြစ်တဲ့ ကန်ဇီနဲ့ တစ်ချိန်လုံး အတူနေခဲ့ တယ်။ လေ့ကျင့်ရေးကွင်းက ပြန်လာတာနဲ့ ညီအစ်ကိုနှစ်ယောက် အချိန်ဖြုန်းကြတယ်။ မန်စီးတီး ယူ-၁၅ အသင်းရဲ့နည်းပြဖြစ်တဲ့ ရစ်ချတ်ဘရောင်းက ဖိုဒန်က တစ်ချိန်လုံး သူ့ညီအကြောင်းပဲ ပြောနေတယ်လို့ ဆိုတယ်။ ဖိုဒန်က မန်စီးတီးမှာ ကျောနံပါတ်(၄၇)ကို စတင်ဝတ်ဆင်ခဲ့ပြီး ဒီနံပါတ်က သူ့အဖိုးနဲ့ပတ်သက်တဲ့အမှတ်တရလည်း ဖြစ်တယ်။ ဖိုဒန်ရဲ့အဖိုးက အသက်(၄၇)နှစ်အရွယ်မှာ ကွယ်လွန်ခဲ့တာဖြစ်ပြီး တစ်ချိန်ချိန်မှာ ကျော နံပါတ်(၁၀)ရရင် ယူဖို့လည်း စဉ်းစားထားတယ်။ ဒီနံပါတ်ကတော့ သူ့အဖိုး ကွယ်လွန်တဲ့ အသက်လည်းဖြစ်တယ်။ ရင်းနှီးပြီး၊ နွေးထွေးတဲ့ မိသားစုမှာ မွေးဖွားလာခဲ့သူပီပီ အဖေနဲ့ အမေကို အရမ်းချစ်တဲ့ သူလည်းဖြစ်တယ်။ သူ့အဖေ စီနီယာဖီးလ်နဲ့ အမေ ကလယ်ရာတို့က ဖိုဒန်ရဲ့ဘဝမှာ ခက်ခဲတဲ့အခိုက်အတန့်တွေ ကြုံလာရင် အမြဲအားပေးကူညီခဲ့ကြတယ်။
အင်္ဂလန်လက်ရွေးစင်အသင်းကြီးအတွက် ပထမဆုံးပွဲထွက်ခွင့်ရခဲ့တဲ့ အိုက်စလန်အသင်းနဲ့ပွဲအပြီး နှစ်ရက်အကြာမှာပဲ ဖိုဒန် ပြဿနာကြီးတစ်ခုနဲ့ ကြုံတွေ့ခဲ့တယ်။ ဒီဖြစ်ရပ်ကြောင့် သူနဲ့ မန်ယူနိုက်တက်တိုက်စစ်မှူး မေဆင်ဂရင်းဝုဒ်တို့ အင်္ဂလန်အသင်းလူစာရင်းကနေ ထုတ်ပယ်ခြင်းခံခဲ့ရတယ်။ သူတို့နှစ်ဦးးက အိုက်စလန်မှာ ရှိနေတုန်း ဟိုတယ်ကို အမျိုးသမီး လေးဦးခေါ်ပြီး ပျော်ပါးခဲ့လို့ဖြစ်တယ်။ လက်ရွေးစင်အသင်းရဲ့ စည်းမျဉ်းနဲ့ မညီညွတ်သလို၊ ကိုဗစ်စည်းမျဉ်းတွေကို ဖောက်ဖျက်ခဲ့တာလည်း ဖြစ်တယ်။ ရလဒ်ကတော့ မီဒီယာစာမျက်နှာတွေထက်မှာ နာမည်ဆိုးထွက် သွားခဲ့ပြီး သတင်းစာရှင်းလင်းပွဲတွေမှာ ပစ်မှတ်အထားခံခဲ့ရတယ်။ ဒီအချိန်မှာ ဖိုဒန်ကို အထိရောက်ဆုံး ကာကွယ်ပေးခဲ့တာက မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာ ဖြစ်သလို၊ ဖီးလ်နဲ့ ကလယ်ရာတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ အားပေးနှစ်သိမ့်မှုတွေကလည်း ဖိုဒန် ကို ခွန်အားဖြစ်စေခဲ့ပါတယ်။ ဖိုဒန်က ဖိအားမှန်သမျှကို ရင်ဆိုင်ရင်း ကွင်းတွင်းခြေစွမ်းပိုင်းကိုပဲ အပြည့်အဝအာရုံစိုက်နိုင်ခဲ့တယ်။ ဒါကြောင့် နောက်နှစ်လအကြာမှာတော့ အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်က ယူရို-၂၀၂၀ အတွက် လူစာရင်းထုတ်ပြန်တော့ ဖိုဒန်ကို ရွေးချယ်ခဲ့တာဖြစ်တယ်။
"ခင်ဗျားသာ ကံကောင်းခဲ့ရင် ဖီးလ်နဲ့ ကလယ်ရာတို့လို မိဘမျိုးတွေနဲ့ တွေ့မှာပဲ။ သူတို့က ဘယ်တော့မှ အပြစ်မတင်ဘူး။ ကာကွယ်ဖို့နဲ့ နှစ်သိမ့်ဖို့ပဲ တွေးကြတယ်။ ဒါကြောင့် ဖိုဒန်က အချိန်တိုအတွင်း ဖိအားတွေကို ကျော်ဖြတ်နိုင်ခဲ့ ခြင်းဖြစ်တယ်"လို့ မန်စီးတီး ယူ-၁၆ အသင်းနည်းပြ တေလာက ပြောတယ်။ "သူ့မိဘတွေက စိတ်ပိုင်းဆိုင်ရာ အရမ်းပြည့်ဝလွန်းတယ်။ ဖိုဒန်ကလည်း ဒီအတွက် အရမ်းဂုဏ်ယူတယ်"လို့လည်း ဆိုခဲ့တယ်။ ဖိုဒန် ယူ-၁၃ အသင်းမှာ ရှိခဲ့တုန်းက နည်းပြ ဖြစ်ခဲ့တဲ့ ဂျေဆင်ကော့စ်က အခု မန်စီးတီးအကယ်ဒမီရဲ့ဒါရိုက်တာ ဖြစ်လာတယ်။ သူက ဖိုဒန်တို့နဲ့ အတူ ယူ-၁၃ အသင်းမှာ ရှိခဲ့တုန်းက ကလေးတွေကို အနာဂတ်ရည်မှန်းချက်တွေ မေးတယ်။ "ကလေးတွေက သူတို့ရင်ထဲမှာ ရှိတာတွေကို ပြောကြတယ်။ တချို့က အိမ်အကြီးကြီး ဝယ်မယ်၊ တချို့က ကားအကောင်းစားဝယ်မယ်တဲ့။ ဖိုဒန်ကတော့ မန်စီးတီးအသင်းရဲ့ဂန္ထဝင်ကစားသမားဖြစ်ချင်တယ်လို့ ပြောခဲ့တယ်"လို့ ပြန်ပြောပြတယ်။
အခုဆို ဖိုဒန်က မန်စီးတီးအသင်းအတွက် ပြိုင်ပွဲစုံမှာ ပွဲပေါင်း (၃၀၀)ကျော် ကစားခဲ့ပြီးပါပြီ။ အသက်က(၂၄)နှစ်ပဲ ရှိပါသေးတယ်။ ဆုဖလားအရေအတွက် စုစုပေါင်း (၁၇) လုံးကိုလည်း ရယူခဲ့ပြီးပါပြီ။ ဒါဟာ ဂန္ထဝင်ဖြစ်လာနိုင်တဲ့ လမ်းပေါ်ကို ရောက်နေတာလည်းဖြစ်ပါတယ်။ ဒီနေရာမှာ မဖြစ်မနေပြောစရာရှိတာက ဖိုဒန်၊ ဂွါဒီယိုလာနဲ့ မန်စီးတီးတို့ရဲ့ စိတ်ရှည်မှုပါပဲ။ မန်စီးတီးမှာ ပထမကစားသမားနေရာ ရဖို့အတွက် ခက်ခဲတဲ့ ဖိုဒန်အတွက် ကမ်းလှမ်းမှုပေါင်းများစွာ ရှိခဲ့တဲ့အချိန်မှာ သူတို့အားလုံးက အကောင်းဆုံး ကိုင်တွယ်နိုင်ခဲ့ကြတယ်။ ဂွါဒီယိုလာက ဖိုဒန်ကို နေရာမပေးနိုင်သေးပေမဲ့ အနာဂတ်အတွက် အရေးပါသူဖြစ်ကြောင်း အကြိမ်ကြိမ်ပြောရင်း ဖိုဒန်ကိုလည်း နားဝင်အောင် သိမ်းသွင်းနိုင်ခဲ့တယ်။ ဖိုဒန် ကိုယ်တိုင်ကလည်း ပထမကစားသမားအခွင့်အရေးအတွက် တစ်ခုတည်းကြည့်ပြီး အသင်းကနေ ထွက်ဖို့ မစဉ်း စားဘဲ အချိန်အခါကောင်းကို စောင့်ခဲ့တယ်။ မန်စီးတီးအသင်းကတော့ ဖိုဒန်အပေါ် ယုံကြည်မှုအပြည့်နဲ့ နှစ်ရှည်စာချုပ်ခဲ့ပြီး ဆက်သွယ်မှုတွေ၊ ချဉ်းကပ်မှု တွေ အားလုံးကို ပယ်ချခဲ့တယ်။ အငှားနဲ့တောင် ထွက်ကစားခွင့်မပေးခဲ့ဘူး။ နောက်ဆုံးတော့ ဂွါဒီယိုလာ၊ မန်စီးတီးနဲ့ ဖိုဒန်တို့ မျှော်လင့်တဲ့အချိန်ကို ရောက်ရှိလာခဲ့ခြင်းလည်းဖြစ်တယ်။
ဖိုဒန်က ၂၀၁၈ တုန်းက မန်စီးတီးအသင်းနဲ့ နှစ်ရှည်စာချုပ်ချုပ်ဆိုခဲ့ပြီး၊ ၂၀၁၉ အောက်တိုဘာမှာတော့ ဂွါဒီယိုလာက ဖိုဒန်ကို ပေါင်သန်း (၅၀၀)ပေးရင်တောင် မရောင်းဘူး၊ မန်စီးတီးမှာ လုံးဝရောင်းထုတ်ဖို့ မစဉ်းစားတဲ့ တစ်ဦးတည်းသော ကစားသမားလို့ ပြောခဲ့တာဖြစ်တယ်။ ဂွါဒီယိုလာကတော့ ဖိုဒန်ရဲ့ မန်စီးတီးကစားသမားဘဝမှာ သူ အကြိုက်ဆုံးပွဲနဲ့ ဂိုးကတော့ အန်ဖီးလ်မှာ လီဗာပူးလ်ကို (၄-၁)ဂိုးနဲ့အနိုင်ရခဲ့တုန်းကပွဲမှာ ဖိုဒန်က အဓိကကစားသမားဖြစ်ခဲ့ပြီး ဂိုးဖန်တီးမှုတစ်ကြိမ် နဲ့ လှပတဲ့သွင်းဂိုးတစ်ဂိုးကို သွင်းယူပေးခဲ့တဲ့ ပွဲဖြစ်တယ်လို့ ဆိုခဲ့တယ်။ အလင်းလိုမြန်တဲ့ ဖိုဒန်ရဲ့ ကန်ချက်က လီဗာပူးလ်ဂိုးသမား အယ်လစ်ဆန် ဘယ်လိုမှ မကာကွယ်နိုင်ဘဲ ဘယ်ဘက်ထောင့် ထဲကို ဝင်သွားခဲ့တယ်။ အဲဒီအချိန်တုန်းက ဒန်ဒီးယူနိုက်တက်မှာ အငှားနဲ့ ကစားနေတဲ့ လုခ်ဘော်တန်က "အဲ့ဒါ ငါ့ကောင်ပဲ။ ဒီပွဲကို ကြည့်နေတဲ့ ကျွန်တော်တို့ အားလုံး ဝေါင်း ... ပေါ့။ ဒါပေမဲ့ ကျွန် တော် အရမ်းတော့ မအံ့သြပါဘူး။ ဒီလို ကန်ချက်မျိုးတွေကို လေ့ကျင့်ရေးကွင်းမှာ ကျွန်တော် အကြိမ်တစ်သန်းလောက် မြင်ခဲ့ဖူးပါတယ်။ ကျွန်တော့်အမြင်ကတော့ ဖိုဒန်က Ballon d'Or စင် မြင့်အထိ အရောက်လှမ်းနိုင်မယ်လို့ထင်တယ်။ သူက အမ်ဘာပေလို ကစားသမားဖြစ်လာမယ် ဆိုတာ ကျွန်တော် သံသယမရှိပါဘူး"လို့ဆိုတယ်။
အခုအချိန်ကတော့ ဖိုဒန်အတွက် အပြာရောင်တိမ်တိုက်တွေ လွှမ်းမိုးတဲ့ကာလလို့ ဆိုနိုင်တယ်။ မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက အသင်းရဲ့နောက်ပို်င်းပွဲတွေမှာ ဖိုဒန်အပေါ် အားကိုးမှု အနည်းငယ်လျော့ကျနေတဲ့ အနေအထားမျိုးလည်း တွေ့နေရတယ်။ ဒါကလည်း သူကိုယ်တိုင်က ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေရသူ တစ်ဦးဖြစ်တာကြောင့် ဖြစ်ပါလိမ့်မယ်။ ဖိုဒန်က ဒီရာသီမှာ ဒဏ်ရာကြောင့် ပွဲအများစုကို လွဲချော်ခဲ့သလို၊ ကစားခွင့်ရတဲ့ပွဲတွေကလည်း လူစားဝင်ရတဲ့ ပွဲ တွေ၊ ပွဲထွက်ခွင့်ရရင်လည်း လူစားလဲခံရတဲ့ ပွဲတွေ များနေတယ်။ သူ့အနေနဲ့ ဒီအခြေအနေကို ကျော်ဖြတ်ပြီး ဂွါဒီယိုလာရဲ့ယုံကြည်မှုကို ပြန်လည် ရယူနိုင်ဖို့ လိုအပ်နေပါတယ်။ ဖိုဒန် ဒဏ်ရာတွေနဲ့ ရုန်းကန်ရတဲ့ ရာသီမှာ မန်စီးတီးအသင်း ကိုယ်တိုင်လည်း ရုန်းကန်ခဲ့ရပြီး၊ ခရစ္စတယ်ပဲလေ့စ်နဲ့ ကစားမယ့် FA ဖလား ဗိုလ်လုပွဲကသာ ဒီရာသီအတွက် တစ်လုံးတည်းသော ဆုဖလားမျှော်လင့်ချက်ပါ။ ဒီဗိုလ်လုပွဲမှာရော ဖိုဒန်ကစားခွင့်ရမလား၊ ကစားခွင့်ရခဲ့ရင်ရော သူ့အပေါ် မျှော်လင့်ထားသလောက် ပြန်လုပ်ပြပြီး အရင်လို ပုံစံကောင်းပြန်ပြနိုင်ပါ့မလားဆိုတာကတော့ . . .















