ပရီးမီးယားလိဂ်ချန်ပီယံဆုကို ကာကွယ်နိုင်ရန်အတွက် လာမည့်ရာသီတွင် ငွေကြေးများစွာသုံးစွဲပြီး အဓိကကစားသမားများ ခေါ်ယူရန် လီဗာပူးလ်အသင်း စီစဉ်

ပရီးမီးယားလိဂ်ချန်ပီယံဆုကို ကာကွယ်နိုင်ရန်အတွက် လာမည့်ရာသီတွင် ငွေကြေးများစွာသုံးစွဲပြီး အဓိကကစားသမားများ ခေါ်ယူရန် လီဗာပူးလ်အသင်း စီစဉ်
Photo: Endo X
Photo: Endo X
Published 8 May 2025

ပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးလ်အသင်းသည် လာမည့် ၂၀၂၅-၂၆ ရာသီတွင် ပရီးမီးယားလိဂ်ချန်ပီယံဆုကို ကာကွယ်နိုင်ရန်အတွက် လာမည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် ငွေကြေးများစွာသုံးစွဲရန် အသင့်ရှိနေပြီး အဓိကကစားသမား ခေါ်ယူမှုများ ပြုလုပ်သွားရန် စီစဉ်နေကြောင်း သိရသည်။

လီဗာပူးလ်အသင်းတာဝန်ရှိသူများသည် လာမည့်ရာသီတွင် ပရီးမီးယားလိဂ်ချန်ပီယံဆုကို ကာကွယ်နိုင်ရန်ရည်မှန်းနေပြီး လာမည့်နွေရာသီတွင် ကစားသမားသစ်များ ခေါ်ယူအားဖြည့်နိုင်ရန်အတွက် အသင်းနည်းပြ အာနယ်ဆလော့ကို ငွေကြေးထုတ်ပေးရန် အသင့်ရှိနေကြောင်း talkSPORT က ဖော်ပြခဲ့သည်။

လီဗာပူးလ်နည်းပြ အာနယ်ဆလော့သည် လာမည့်နွေတွင် အဓိကကစားသမားခေါ်ယူမှု (၃) ခု ပြုလုပ်သွားရန် ဆန္ဒပြင်းပြနေပြီး ဘယ်နောက်ခံ၊ ဗဟိုခံစစ်နှင့် အထောင်တိုက်စစ်နေရာများအတွက် အင်အားဖြည့်တင်းရန် စီစဉ်နေကြောင်း သိရသည်။

လီဗာပူးလ်အသင်းအနေဖြင့် လာမည့်ရာသီတွင် အသင်းကို အင်အားဖြည့်တင်းရန်အတွက် ယခုကတည်းက ကစားသမားများစွာကို ပစ်မှတ်ထားနေကြောင်းလည်း ဗြိတိန်မီဒီယာများက ဖော်ပြနေကြသည်။

လီဗာပူးလ်အသင်းသည် ဘယ်နောက်ခံနေရာတွင် အသက်အရွယ်ရလာပြီး ခြေစွမ်းကျလာသည့် ရောဘတ်ဆန်၏နေရာကို အစားထိုးရန်အတွက် ဘုန်းမောက်ဘယ်နောက်ခံကစားသမား ကာကက်ဇ်နှင့် ဖူလ်ဟမ်နောက်ခံကစားသမား အန်တိုနီရောဘတ်ဆန်တို့ကို ပစ်မှတ်ထားနေသည်။

ဗဟိုခံစစ်နေရာအတွက် ဘုန်းမောက်နောက်ခံကစားသမား ဟွိုင်ဆန်ကို ခေါ်ယူလိုနေပြီး တိုက်စစ်နေရာအတွက် လီဗာပူးလ်အနေဖြင့် လိုက်ပ်ဇစ်တိုက်စစ်မှူး ရှက်ရှကိုနှင့် နာပိုလီတိုက်စစ်မှူး အိုဆင်မန်တို့ကို ပစ်မှတ်ထားနေကြောင်း သိရသည်။

လာမည့်နွေတွင် လီဗာပူးလ်အသင်းအနေဖြင့် အသင်းကစားသမားများကိုလည်း ဆုံးရှုံးရဖွယ်ရှိနေကြောင်း သိရသည်။

လက်ရှိတွင် အသင်းအဓိကနောက်ခံကစားသမား အာနိုးလ်က ရာသီကုန်တွင် အသင်းမှထွက်ခွာမည်ဟု အတည်ပြုထားသလို၊ ဂိုးသမား ကယ်လေဟာနှင့် တိုက်စစ်မှူး ဒါဝင်နူးနက်ဇ်တို့မှာလည်း အသင်းမှထွက်ခွာဖွယ်ရှိကြောင်း သိရသည်။

 

Most Read

Most Recent