အမေရိကန် မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီဝါရင့်ကစားသမား ဘူးစကွက်စ်က မက်ဆီ ရှိနေသော်လည်း ၎င်းတို့အသင်းမှာ ဖီဖာကလပ်ကမ္ဘာ့ဖလားချန်ပီယံဆုကို စိန်ခေါ်နိုင်သည့် အဆင့်အတန်းမျိုးမရှိကြောင်း ဝန်ခံပြောကြားခဲ့သည်။
ကမ္ဘာဘောလုံးအဖွဲ့ချုပ်(FIFA)သည် ၂၀၂၅ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို ပြိုင်ပွဲဝင် (၃၂) သင်းအထိ တိုးမြှင့်ခဲ့ပြီး ဇွန်လ (၁၄) ရက်မှ ဇူလိုုင်လ (၁၃) ရက်အထိ အမေရိကန်နိုင်ငံတွင် ကျင်းပမည်ဖြစ်သည်။
FIFA သည် ကမ္ဘာကျော်ဘောလုံးသမား မက်ဆီ ပါဝင်ကစားနေခြင်းကြောင့် မြောက်အမေရိကတွင် ကျော်ကြားနေသည့် အင်တာမိုင်ယာမီအသင်းကို အဆိုပါပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် အထူးဖိတ်ကြားခဲ့ပြီး အင်တာမိုင်ယာမီအသင်းက အဆိုပါဖိတ်ကြားမှုကို လက်ခံခဲ့ခြင်းဖြစ်သည်။
အင်တာမိုင်ယာမီအသင်းသည် ၂၀၂၅ ဖီဖာကလပ်ကမ္ဘာ့ဖလား အုပ်စု (A) တွင် ဘရာဇီးလ်ကလပ် ပါးမီးရပ်စ်၊ ပေါ်တူဂီကလပ် ပေါ်တို၊ အီဂျစ်ကလပ် အယ်လ်အာလီအသင်းနှင့်အတူ ကျရောက်နေသည်။
အဆိုပါအုပ်စုအနေအထားကြောင့် အင်တာမိုင်ယာမီအသင်းအနေဖြင့် အနည်းဆုံး ရှုံးထွက် (၁၆)သင်းအဆင့်သို့ တက်ရောက်နိုင်လိမ့်မည်ဟု ဘောလုံးပရိသတ်များက မျှော်လင့်နေကြသည်။
သို့သော် အင်တာမိုင်ယာမီဝါရင့်ကွင်းလယ်ကစားသမား ဘူးစကွက်စ်က အင်တာမိုင်ယာမီအသင်းအား မျှော်လင့်ချက်အများကြီးမထားရန် ပရိသတ်များကို သတိပေးခဲ့ခြင်းဖြစ်သည်။
ဘူးစကွက်စ်က ''ကျွန်တော်တို့အသင်းအနေနဲ့ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ယှဉ်ပြိုင်နိုင်တဲ့ အဆင့်အတန်းမရှိဘူးဆိုတာ ထင်ရှားပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ အုပ်စုတွင်း ပွဲစဉ်တွေကို အကောင်းဆုံံးယှဉ်ပြိုင်ဖို့အတွက် ကြိုးစားသွားမှာဖြစ်ပြီး ပွဲစဉ်တစ်ပွဲချင်းစီကို အာရုံစိုက်ပြီး တိုက်ပွဲဝင်သွားမှာပါ။ အရမ်းခက်ခဲမှာ ဖြစ်ပေမဲ့ ကျွန်တော်တို့ အနေနဲ့ နောက်တစ်ဆင့်တက်နိုင်ဖို့ မျှော်လင့်ပါတယ်''ဟု ပြောကြားခဲ့သည်။















