ယူရိုပါလိဂ်ဆီမီးဖိုင်နယ် ဒုတိယအကျော့ ပွဲကြိုသုံးသပ်ချက်

ယူရိုပါလိဂ်ဆီမီးဖိုင်နယ် ဒုတိယအကျော့ ပွဲကြိုသုံးသပ်ချက်
Photo: X
Photo: X
Published 8 May 2025

ဘိုဒယ်ဂလင့် နှင့် စပါး (မြန်မာစံတော်ချိန် သောကြာနံနက် ၁း၃၀ နာရီ)

စပါးအသင်းအနေနဲ့ ပထမအကျော့မှာ ဘိုဒယ်ဂလင့်ဘက်ကို နောက်ကျဂိုးတစ်ဂိုး ပြန်ပေးခဲ့ရလို့ အဝေးကွင်းမှာ အနည်းငယ်တော့ သတိထားကစားရလိမ့်မယ်။ ဒီရာသီ ဘိုဒယ်ဂလင့်ရဲ့ယူရိုပါလိဂ်အိမ်ကွင်းမှတ်တမ်းကလည်း အသင်းအဆင့်အတန်းနဲ့ယှဉ်ရင် အရမ်းကောင်းတယ်လို့ ဆိုနိုင်တယ်။ အိမ်ကွင်း (၇)ပွဲကစားထားရာမှာ တစ်ပွဲသာ အရေးနိမ့်ခဲ့ပြီး အနိုင်ယူခဲ့တဲ့အသင်းတွေမှာ ပေါ်တို၊ လာဇီယိုတို့လို အစဉ်အလာရှိတဲ့အသင်းတွေတောင် ပါပါတယ်။ ဒီပွဲမှာ ဘိုဒယ်ဂလင့်အသင်းရဲ့အမာခံကစားသမားသုံးဦးဖြစ်တဲ့ အသင်းခေါင်းဆောင် ပက်ထရစ်ဘတ်၊ အယ်ဗန်းနဲ့ ဟယ်မာဆန်တို့ ပွဲပယ်ပြစ်ဒဏ်စေ့ပြီး ပြန်ပါလာမယ့် အနေအထားကို မေ့မထားသင့်ဘူး။ စပါးအသင်းကတော့ ပထမအကျော့ လူစာရင်းအတိုင်းပဲ ပွဲထွက်လာဖို့ရှိပြီး ရစ်ချာလီဆန်၊ ဆိုလန်ကီ၊ ဘရန်နန်ဂျွန်ဆင်တို့ကစားမယ့် တိုက်စစ်ပိုင်းကလည်း လုပ်ရည်ကိုင်ရည်ကောင်းတယ်။ နော်ဝေမြေမှာတော့ အိမ်ရှင်ကိုပဲ ရွေးချယ်တာပိုကောင်းမယ်။

မန်ယူနိုက်တက် နှင့် ဘီလ်ဘာအို (မြန်မာစံတော်ချိန် သောကြာနံနက် ၁း၃၀ နာရီ)

ပထမအကျော့ရလဒ်နဲ့တင် မန်ယူနိုက်တက်အသင်းက ဗိုလ်လုပွဲတက်ရောက်ဖို့ သေချာသလောက် ဖြစ်သွားခဲ့တယ်။  မန်ယူနိုက်တက်အနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ယူရိုပါလိဂ်ဘက်ကို ရာနှုန်းပြည့် အာရုံစိုက်ထားပြီး သမိုင်းတစ်လျှောက် အဆိုးရွားဆုံးရာသီဖြစ်နေတဲ့ ပရီးမီးယားလိဂ်ကို လုံးဝခေါင်းထဲမထည့်တော့ဘူး။ ပထမအကျော့က ဆန်မာမီးစ်မှာ ဘီလ်ဘာအိုအသင်း ပထမပိုင်းမှာပဲ ကစားသမားတစ်ယောက် အထုတ်ခံရပြီး ပယ်နယ်တီပေးခဲ့ရလို့ မန်ယူနိုက်တက်အတွက် လွယ်ကူခဲ့တယ်ဆိုတာကိုတော့ သတိပြုရမယ်။ ဒါပေမဲ့ ဘီလ်ဘာအိုအသင်း အိုးလ်ထရက်ဖို့ဒ်မှာ ဘယ်လောက်အားထုတ်ထုတ် ဒီအခြေအနေကို ပြောင်းပြန်လှန်ပစ်ဖို့ မလွယ်တော့ဘူး။ တစ်ဖက်မှာလည်း လာလီဂါမှာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အရေးအကြီးဆုံးအချိန်ရောက်နေလို့ ဖြစ်နိုင်ခြေနည်းနေတဲ့ အနေအထားကို အားကုန်ထုတ် ဖောင်ဖျက်ကစားဖို့တော့ မရှိလောက်ဘူး။ မန်ယူနိုက်တက် အနိုင်ထပ်ယူဖို့များတယ်။

Most Read

Most Recent