စူပါမစ်ဒယ်ဝိတ်တန်း၏ အငြင်းပွားဖွယ်မရှိချန်ပီယံ ပြန်ဖြစ်လာသည့် မက္ကဆီကိုလက်ဝှေ့သမား ကာနီလိုအယ်လ်ဗာရက်ဇ်သည် အမေရိကန်လက်ဝှေ့သမား ခရောဖို့ဒ်နှင့် စက်တင်ဘာလ ၁၂ ရက်တွင် ထိုးသတ်မည်ဖြစ်ကြောင်း သိရသည်။
အယ်လ်ဗာရက်ဇ်အနေဖြင့် ကျူးဘား-ဂျာမနီနွယ်ဖွား ဝီလီယံစကားလ်ကို အမှတ်ဖြင့် အနိုင်ရပြီး အငြင်းပွားဖွယ်မရှိ ချန်ပီယံဖြစ်လာခဲ့ခြင်းဖြစ်သည်။
၎င်းတို့နှစ်ဦး၏ ချန်ပီယံခါးပတ်ပေါင်း စည်းပွဲကို မြန်မာစံတော်ချိန် မေ ၄ ရက် နံနက် ပိုင်းတွင် ဆော်ဒီနိုင်ငံ၊ ရီယာ့ဒ်မြို့ရှိ ANB Arena ၌ ကျင်းပခဲ့သည်။
ယခုပွဲစဉ်မှာ အယ်လ်ဗာရက်ဇ်၏ WBA(Super)၊ WBC၊ WBO ချန်ပီယံခါးပတ်သုံးခုနှင့် စကားလ်၏ IBF ချန်ပီယံခါးပတ်ပေါင်းစည်းပွဲ ထိုးသတ် ခြင်းဖြစ်သည်။
အယ်လ်ဗာရက်ဇ်သည် စူပါမစ်ဒယ်ဝိတ်တန်း၏ အငြင်းပွားဖွယ်မရှိ ချန်ပီယံဟောင်းတစ်ဦးဖြစ်ပြီး ပြီးခဲ့သည့်နှစ် ဇူလိုင်တွင် စကားလ်နှင့်ထိုးသတ်ရန် ငြင်းပယ်၍ IBF ချန်ပီယံခါးပတ် စွန့်လွှတ်ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
ယင်းပွဲအပြီးမှာပင် ပွဲစီစဉ်သူ တာကီအယ်လ်ရှိတ်က အယ်လ်ဗာရက်ဇ်နှင့် အမေရိကန်လက်ဝှေ့သမား တဲရန့်စ်ခရောဖို့ဒ်တို့၏ ပွဲစဉ်ကို စက်တင်ဘာ ၁၂ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း အတည်ပြုကြေညာခဲ့သည်။
အသက် ၃၄ နှစ်ရှိပြီဖြစ်သူ အယ်လ်ဗာရက်ဇ်သည် မက္ကဆီကိုနှင့် အမေရိကန်နိုင်ငံပြင်ပ၌ ပထမဆုံးအကြိမ် သွားရောက်ထိုးသတ်ခြင်းဖြစ်ပြီး ဆော်ဒီနိုင်ငံ၌ လေးပွဲထိုးသတ်ရန် စာချုပ်ချုပ်ဆိုထားသည်။
အယ်လ်ဗာရက်ဇ်သည် ပရော်ဖက်ရှင်နယ်ပွဲစုစုပေါင်း ၆၇ ပွဲ ထိုးသတ်ရာတွင် ၆၃ ပွဲမြောက် နိုင်ပွဲရရှိခဲ့ပြီး နှစ်ပွဲသရေကျကာ နှစ်ပွဲသာ ရှုံးနိမ့်ထားသည်။
၎င်းသည် လိုက်မစ်ဒယ်ဝိတ်၊ မစ်ဒယ်ဝိတ်၊ လိုက်ဟဲဗီးဝိတ်၊ စူပါမစ်ဒယ်ဝိတ်စသည့် ၀ိတ်တန်းလေးခုတွင် ကမ္ဘာ့ချန်ပီယံခါးပတ်များ ရရှိဖူးသူဖြစ်သည်။
အယ်လ်ဗာရက်ဇ်သည် ဆော်ဒီနိုင်ငံ၊ ရီယာ့ဒ်မြို့၌ အနုပညာ၊ ယဉ်ကျေးမှုနှင့် အားကစားပွဲများ စီစဉ်ကျင်းပလျက်ရှိသည့် Riyadh Season နှင့် လေးပွဲစာချုပ် ချုပ်ဆိုထားခြင်းဖြစ်ပြီး ဒုတိယပွဲအဖြစ် ခရောဖို့ဒ်နှင့် ထိုးသတ်မည်ဖြစ်သည်။
ခရောဖို့ဒ် (၃၇ နှစ်) မှာ WBA နှင့် WBO Interim လိုက်မစ်ဒယ်ဝိတ်၊ WBA(Super)၊ WBC၊ WBO၊ IBF ဝယ်လ်တာဝိတ် ချန်ပီယံခါးပတ်များရရှိထားသည့် ထိပ်တန်းကစားသမားတစ်ဦးဖြစ်သည်။
ဆော်ဒီနိုင်ငံ၌ အယ်လ်ဗာရက်ဇ်ထိုးသတ်မည့် လက်ကျန်နှစ်ပွဲကို ၂၀၂၆ ခုနှစ်တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။















