အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာနေရသည့် ပြည်သူများအား တစ်ဦးလျှင် တစ်လ ကျပ်နှစ်သောင်းနှုန်းဖြင့် ၂ဝ၂၅ ခုနှစ် ဇန်နဝါရီမှ ဒီဇင်ဘာအထိ လစဉ် ထောက်ပံ့ပေးမည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များအား ဖေဖော်ဝါရီ ၁၁ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ခန်းမဆောင်၌ နစက ဥက္ကဋ္ဌက တွေ့ဆုံအမှာစကားပြောကြားပြီး အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာနေရသည့် ပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ရန်ပုံငွေမှ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေအရ အကြမ်းဖက်မှု၊ လက်နက် ကိုင်သောင်းကျန်းမှုဖြစ်ပွားခြင်းကြောင့် ပြည်သူများ၏ဆုံးရှုံးမှုများသည်လည်း သဘာဝ ဘေးအန္တရာယ်သတ်မှတ်ချက်များတွင် အကျုံးဝင်သောကြောင့် နိုင်ငံတော်အနေဖြင့် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာနေရသည့် ပြည်သူများအတွက် ထောက်ပံ့ငွေများကို တစ်ဦးလျှင် တစ်လ ကျပ်နှစ်သောင်း နှုန်းဖြင့် ၂ဝ၂၅ ခုနှစ် ဇန်နဝါရီမှ ဒီဇင်ဘာအထိ လစဉ် ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များ၏ သဘာဝဘေး စီမံခန့်ခွဲမှု ရန်ပုံငွေ စာရင်းအမှတ်များသို့ လွှဲအပ်ပေးသွားမည် ဖြစ်ကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။
ထောက်ပံ့ငွေများပေးအပ်ရာတွင် သက်ဆိုင်ရာနယ်မြေများအလိုက် ယာယီနေရပ် စွန့်ခွာနေရသူများ အားလုံးပါဝင်မှုရှိစေရေး၊ စာရင်းတွင်မပါဝင်ဘဲ ကျန်နေခဲ့ရသူများ မရှိစေရေး၊ စနစ်တကျ ထိထိရောက်ရောက် ထောက်ပံ့ပေးအပ်နိုင်ရေး ဝိုင်းဝန်း ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ယခုကောက်ယူရရှိထားသည့် စာရင်းတွင်မပါဝင်ဘဲ ထပ်မံကောက်ယူရရှိလာမည့် ယာယီနေရပ်စွန့်ခွာနေရသူများ၏ စာရင်းကိုလည်း စိစစ်ကောက်ယူ၍ ထပ်မံတင်ပြ တောင်းခံသွားရန်နှင့် စနစ်တကျ စိစစ်ထောက်ပံ့ ပေးသွားရန်လိုကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။
မိမိတို့အနေဖြင့် နိုင်ငံတော်တွင်ဖြစ်ပေါ်နေသည့် အခြေအနေများအရ တာဝန်ထမ်းဆောင်ခွင့်ကို (၆)လ သက်တမ်းထပ်မံတိုးမြှင့်ခဲ့ရကြောင်း၊ ယခု (၆)လတာကာလအတွင်း တည်ငြိမ်အေးချမ်းမှုရှိစေရေးအလေးထား ဆောင်ရွက်သွားရမည်ဖြစ်ပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များ အနေဖြင့်လည်း မိမိတို့တာဝန်ယူထားရသည့်ဒေသများအလိုက် နယ်မြေဒေသတည်ငြိမ် အေးချမ်းရေး၊ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက် သွားကြရန်လိုကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံ့ဝန်ထမ်းများ အခက်အခဲမရှိစေရေး လစာနှင့်ထောက်ပံ့ကြေးများကို တိုးမြှင့်ပေးခဲ့ကြောင်း၊ ပြည်တွင်းနိုင်ငံခြားငွေ အခက်အခဲများနှင့် ထုတ်လုပ်မှုကုန်ကျစရိတ်ကြီးမြင့်ခြင်းတို့ကြောင့် ကုန်ဈေးနှုန်းများ ကြီးမြင့်ရခြင်းဖြစ်ကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။
ကုန်သွယ်မှုနှင့်ပတ်သက်၍ ကုန်သွယ်မှုကြောင့် နိုင်ငံပိုင်နိုင်ငံခြားငွေများ ရရှိသကဲ့သို့ Non Trade များမှလည်း နိုင်ငံခြားငွေများရရှိကြောင်း၊ ယခင်ဒီမိုကရေစီ အစိုးရသက်တမ်းနှစ်ခုတွင် ကုန်သွယ်မှုမှ နိုင်ငံခြားငွေ လိုအပ်မှုသည် ၂၄ ဘီလျံကျော်ခန့် ရှိကြောင်း၊ လိုအပ်သည့် နိုင်ငံခြားငွေများကို အခြားပြည်ပချေးငွေများ၊ ထောက်ပံ့ငွေများနှင့် Non trade များမှ ရရှိသည့်ငွေများဖြင့် ဖြည့်ဆည်း ဆောင်ရွက်ခဲ့ကြကြောင်း၊ မိမိတို့တာဝန်ယူထားရသည့် ကာလအတွင်း နိုင်ငံခြားချေးငွေများ မရရှိကြောင်း၊ ထို့ကြောင့် ကုန်ထုတ်လုပ်မှုများတိုးတက်စေရေး ဆောင်ရွက်လျက်ရှိကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။
CMP လုပ်ငန်းများမှလည်း နိုင်ငံခြားငွေများရရှိကြောင်း၊ အခြားနိုင်ငံများတွင် ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်သူများထံမှ နိုင်ငံခြားငွေများလည်းရရှိကြောင်း၊ သို့သော် မိမိတို့နိုင်ငံတွင် ရသင့်သလောက်ရရှိမှုမရှိသည်ကို တွေ့ရသဖြင့် ပိုမိုတိုးတက် ရရှိရေး မိမိတို့အနေဖြင့်ဆောင်ရွက်ခဲ့ကြောင်း၊ ကုန်သွယ်မှုလုပ်ငန်းများမှ နိုင်ငံခြားငွေများ ပိုမိုတိုးတက်ရရှိစေရေး မိမိတို့အနေဖြင့် ကြိုးပမ်းဆောင်ရွက်သွားကြ ရန်လို ကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။
နေရေးလုံခြုံမှုနှင့်ပတ်သက်၍ ကမ္ဘာပေါ်တွင် ရာနှုန်းပြည့်လုံခြုံရေးဟူ၍ မည်သည့်နိုင်ငံတွင်မျှမရရှိနိုင်ကြောင်း၊ ရာဇဝတ်မှုများ၊ လုံခြုံရေးကျိုးပေါက်မှုများသည် နိုင်ငံတိုင်း၌ဖြစ်ပေါ်လျက်ရှိကြောင်း၊ ၂၀၂၃ ခုနှစ်မှစ၍ ပြည်သူ့လုံခြုံရေးစနစ်ကို စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း၊ နိုင်ငံတော်တွင် နိုင်ငံသားတိုင်းအနေဖြင့် ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန် တာဝန်ရှိကြပြီး ယင်းတာဝန်များကို ထမ်းဆောင်ရန်အတွက် စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်နိုင်ရန် ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြဋ္ဌာန်းဆောင်ရွက်လျက်ရှိကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။
လုံခြုံရေးနှင့်ပတ်သက်၍ အဓိကဆောင်ရွက်ရ မည်မှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များဖြစ်ပြီး သက်ဆိုင်ရာနယ်မြေဒေသအလိုက် ဖွဲ့စည်းထားရှိပြီးဖြစ်ကြောင်း၊ စွမ်းရည်စွမ်းအားရှိသည့် ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူက အားကိုးရသည့် ရဲတပ်ဖွဲ့ဝင်များဖြစ်ရန်လိုပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ အနေဖြင့်လည်း ၎င်းတို့၏တာဝန်ထမ်းဆောင်မှုများအပေါ်လိုအပ်သည်များ အားပေး ထောက်ပံ့ခြင်းများကို ဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ နေရာဒေသအလိုက် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးအတွက် မှန်မှန်ကန်ကန်ဖြင့် တာဝန်ပေးအပ်နိုင်ရေး၊ မိမိတို့ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် တရား ဥပဒေစိုးမိုးရေး၊ ဒေသ၏လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် နိုင်ငံတော်အစိုးရ၊ တပ်မတော်၊ ဒေသအလိုက်ရှိ ပြည်သူ့စစ်ဌာနေတပ်ဖွဲ့ဝင်များနှင့် ပြည်သူလူထုတို့ အတူတကွလက်တွဲ၍ ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။
ထို့အပြင် သွားလာရေးနှင့် လမ်းပန်းဆက်သွယ်ရေး လုံခြုံမှုအပိုင်းနှင့်ပတ်သက်၍ အကြမ်းဖက်အဖွဲ့များအနေဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အလစ်အငိုက်ကို အခွင့်ကောင်းယူ၍ အများပြည်သူအသုံးပြုလျက်ရှိသည့် ဆက်သွယ်ရေးလမ်းကြောင်းများပေါ်၌ အကြမ်းဖက်မှုကို ကျူးလွန်လျက်ရှိကြောင်း၊ ထို့ကြောင့် ဒေသအလိုက် နယ်မြေစိုးမိုးမှုနှင့် လမ်းပန်းဆက်သွယ်ရေးလုံခြုံမှုကို အထူးအလေးထား ဆောင်ရွက်သွားကြရန်လို ကြောင်း၊ လမ်းပန်းဆက်သွယ်ရေးလုံခြုံမှုမရှိခြင်းကြောင့် ကုန်စည်စီးဆင်းမှုများကို ထိခိုက်စေနိုင်မည်ဖြစ်ပြီး စားရေးသောက်ရေးနှင့် လူမှုစီးပွားဘဝများလည်း ထိခိုက်
ပညာရေး၊ ကျန်းမာရေးဆိုင်ရာ အခြေခံအဆောက်အဦများဖွံ့ဖြိုးရေး စေနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် သွားလာမှုနှင့် လမ်းပန်းဆက်သွယ်ရေးလုံခြုံမှုကို အထူးအလေးထား ဆောင်ရွက်သွားကြရန်မှာကြားလိုကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။
အဆိုပါ တွေ့ဆုံပွဲအခမ်းအနားသို့ နစက ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကောင်စီအတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။















