ကရီနာကပူး၏ခင်ပွန်း မင်းသားဆက်ဖ်အလီခန် မွမ်ဘိုင်းနေအိမ်တွင် ဓားထိုးခံရပြီး ဆေးရုံတွင်ခွဲစိတ်ခဲ့ပြီးနောက် အသက်အန္တရာယ်မှလွတ်မြောက်

ကရီနာကပူး၏ခင်ပွန်း မင်းသားဆက်ဖ်အလီခန် မွမ်ဘိုင်းနေအိမ်တွင် ဓားထိုးခံရပြီး ဆေးရုံတွင်ခွဲစိတ်ခဲ့ပြီးနောက် အသက်အန္တရာယ်မှလွတ်မြောက်
Published 16 January 2025

ကရီနာကပူး၏ခင်ပွန်းဖြစ်သူ ဘောလိဝုဒ်စတား ဆက်ဖ်အလီခန်သည် ဇန်နဝါရီ ၁၆ ရက်မနက်အစောပိုင်းက မွမ်ဘိုင်းနေအိမ်တွင် ကျူးကျော်ဝင်ရောက်လာသူတစ်ဦး၏ ဓားထိုးတိုက်ခိုက်မှုကိုခံခဲ့ရပြီး ဆေးရုံတွင် ခွဲ စိတ်မှုပြုလုပ်လိုက်ပြီးနောက် အသက်အန္တရာယ်မှ လွတ်မြောက်သွားသည်။ သို့သော် အလီခန်အား တစ်ရက်ကြာစောင့်ကြည့်ရန် ICU သို့ရွှေ့ထားသည်။

ဇန်နဝါရီ ၁၆ ရက် မနက်  ၂ နာရီ မိနစ် ၃၀ ဝန်းကျင်တွင် အလီခန်တို့မိသားစုနေထိုင်ရာ မွမ်ဘိုင်းလူကုံထံရပ်ကွက်အတွင်းရှိ နေအိမ်သို့ လူစိမ်းအမျိုးသားတစ်ဦး ဝင်ရောက်လာပြီး အဆိုပါလူစိမ်းနှင့်အိမ်အကူတို့ အချင်းများနေသည်ကို အလီခန်ကကြားဝင်ရင်း ဓားထိုးခံလိုက်ရခြင်းဖြစ်သည်။ အခင်းဖြစ်ချိန်အိမ်တွင် အလီခန်နှင့်ကရီနာအပြင် ၎င်းတို့၏သားနှစ်ဦးလည်း ရှိနေခဲ့သည်။

ထို့နောက်မနက်  ၃ နာရီ မိနစ် ၃၀ ဝန်းကျင်တွင် (အလီခန်၏ပထမအိမ်ထောင်မှမွေးသည့်) သားအကြီးအီဘရာဟင်အလီခန်က  ၎င်းအားဆေးရုံပို့ပေးခဲ့သည်။

ခွဲစိတ်ပြီးသည့်နောက်တွင် အလီခန် အသက်အန္တရာယ် မစိုးရိမ်ရတော့ကြောင်း ၊ မိသားစုဝင်အားလုံးလည်း ဘေးကင်းကြောင်း၊ ရဲတပ်ဖွဲ့ကဖြစ်စဉ်ကိုဖော်ထုတ်နေကြောင်း အလီခန်တို့ဘက်က ထုတ်ပြန်ခဲ့သည်။

Indian Express ဖော်ပြချက်အရ မွမ်ဘိုင်းရဲတပ်ဖွဲ့က လူစိမ်းအမျိုးသားကို အိမ်အကူအမျိုးသမီးက အိမ်ထဲပေးဝင်လိုက်ခြင်းဖြစ်လိမ့်မည်၊ အကြောင်းကိစ္စတစ်ခုကြောင့် ၎င်းတို့ချင်းစကားများကြလိမ့်မည်ဟု သံသယဖြစ်နေကြသည်။

ယင်းအိမ်အကူကိုလည်း ရဲတပ်ဖွဲ့က စစ်ဆေးမေးမြန်းနေပြီး ထွက်ပြေးသွားသည့် တရားခံကို ခြေရာခံရန် အဖွဲ့ခုနစ်ဖွဲ့ကြိုးစားနေကြသည်။ တရားခံက အိမ်ထဲရှိအခန်းတစ်ခန်းတွင် ပိတ်မိနေခဲ့သေးသည်။သို့သော် ထွက်ပြေးလွတ်မြောက်သွားသည်။

ဆေးရုံမှဦးနှောက်နှင့်အာရုံကြောခွဲစိတ်အထူးကုဆရာဝန်၏အဆိုအရ အလီခန်၏ ကျောရိုးကို ဓားစိုက်ဝင်ခဲ့သည့်အတွက် ကျောရိုးနာ့ဗ်ကြော၏အပေါ်ပိုင်းနှင့်အလယ်ပိုင်းတို့ ထိခိုက်ခဲ့ပြီး ခွဲစိတ်မှုလုပ်ကာ ဓားကိုထုတ်ခဲ့ရသည်။ဘယ်ဖက်လက်နှင့် လည်ပင်းတို့တွင် ရသည့်ဒဏ်ရာကလည်းနက်ပြီး ပလတ်စတစ် ဆာဂျရီအဖွဲ့က ကုသပေးခဲ့သည်ဟု ၎င်းဆရာဝန်က မီဒီယာများအားပြောသည်။

Most Read

Most Recent