ရိုဒရီ ရာသီကုန်အထိ အနားယူရမည်ဟု မန်စီးတီးနည်းပြ ဂွါဒီယိုလာ အတည်ပြုခဲ့ပြီး ကိုဗာချစ်၊ ဂွန်ဒိုဂန်၊ ဂျွန်စတုန်းစ်တို့ကို အစားထိုးအသုံးပြုမည်

ရိုဒရီ ရာသီကုန်အထိ အနားယူရမည်ဟု မန်စီးတီးနည်းပြ ဂွါဒီယိုလာ အတည်ပြုခဲ့ပြီး ကိုဗာချစ်၊ ဂွန်ဒိုဂန်၊ ဂျွန်စတုန်းစ်တို့ကို အစားထိုးအသုံးပြုမည်
Photos: AFP & X
Photos: AFP & X
Published 29 September 2024

 

မန်စီးတီးအသင်းကွင်းလယ်လူ ရိုဒရီ အနေဖြင့် ဒူးအရွတ် (ACL) ဒဏ်ရာကို ခွဲစိတ်ကုသမှုခံယူခဲ့ပြီး ရာသီကုန်အထိ အနားယူရမည်ဖြစ်ကြောင်း နည်းပြဖြစ်သူ ပက်ဂွါဒီယိုလာက အတည်ပြုပြောကြားခဲ့သည်။

စပိန်လက်ရွေးစင်ကစားသမား ရိုဒရီ (၂၈ နှစ်) သည် ပြီးခဲ့သည့်တစ်ပတ်က အာဆင်နယ်အသင်းနှင့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ပြိုင်ဘက်ကစားသမား သောမတ်စ်ပါတေးနှင့် ထိခိုက်မိရာမှ ယာဘက်ဒူးဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။ ယင်းဒဏ်ရာကို စပိန်နိုင်ငံ၌ ခွဲစိတ်ကုသခဲ့ပြီး လာမည့်ရာသီမှသာ ပြန်ကစားနိုင်တော့မည်ဖြစ်ကြောင်း ဂွါဒီယိုလာက စက်တင်ဘာ ၂၇ ရက်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

"ဒီနံနက်မှာ ACL ခွဲစိတ်မှုလုပ်ခဲ့ပါ တယ်။ လာမယ့်ရာသီကျရင် သူဒီမှာပဲရှိနေမှာပါ။ ဒီရာသီကတော့ ပြီးဆုံးသွားပါပြီ။ ကံမကောင်းစွာပဲ ကျွန်တော်တို့ အဆိုးဆုံးအခြေအနေ ရင်ဆိုင်ခဲ့ရတာပါ။ သူပြန်လည်ကောင်းမွန်လာဖို့အတွက် တစ်ဆင့်ချင်းကူညီပေးဖို့ ကျွန်တော်တို့ရှိနေမှာပါ" ဟု ၎င်းက ဆိုသည်။

ရိုဒရီမှာ အစားထိုးမရသည့်ကစားသမား ဖြစ်သော်လည်း အဖြေရှာရန် ကြိုးပမ်းရမည် ဖြစ်ကြောင်း၊ ကိုဗာချစ်၊ ဂွန်ဒိုဂန်နှင့် ဂျွန်စတုန်းစ်တို့ကို အစားထိုးအသုံးပြုမည်ဖြစ်ကြောင်း ဂွါဒီယိုလာက ဆက်လက်ပြောကြားခဲ့သည်။

"သူ့လိုမျိုး အလားတူကစားသမား ကျွန်တော်တို့မှာမရှိပါဘူး။ ဒါပေမဲ့ ရိုဒရီ ကျွန်တော်တို့ဆီရောက်လာပြီးကတည်းက ကစားတဲ့ပုံစံကို တခြားသူတွေအားလုံး အစားထိုးနိုင်ပါတယ်။ ကျွန်တော်တို့ အဲဒါကို အသင်းလိုက်လုပ်ရမှာပါ။ အရေးပါတဲ့ကစားသမားတစ် ယောက် ပွဲတွေအများကြီး မကစားနိုင်တဲ့ အခြေအနေကို နည်းလမ်းရှာရပါမယ်။ မတ်တီယိုကိုဗာချစ်၊ ပြီးတော့ ကျွန်တော့်မှာ နည်းနည်းထပ်ရှိပါသေးတယ်။ ဟီလ်ကိုင်းဂွန်ဒိုဂန်က အဲဒီနေရာမှာ ကစားနိုင်ပါတယ်။ ဂျွန်စတုန်းစ်ရောပဲ။ ကျွန်တော်တို့မှာ ရွေးချယ် စရာတွေရှိပါတယ်" ဟု ၎င်းက ဆိုသည်။

အားထားရသည့်ကစားသမား ကာလရှည်အနားယူရမည်ဖြစ်သောကြောင့် အစားထိုးမည့်သူကို ဇန်နဝါရီတွင် ခေါ်ယူဖြစ်ဖွယ်ရှိကြောင်းလည်း ဂွါဒီယိုလာက အရိပ်အမြွက် ပြောကြားခဲ့သည်။ "ကျွန်တော်တို့ ကြည့်ကြတာပေါ့။ ဒီနေ့ တီဆီကီ (အားကစားဒါရိုက်တာ ဘီဂီရီစတိန်း) နဲ့ ကျွန်တော်တို့ စကားပြောဖြစ်ပါတယ်။ အခြေအနေဘယ်လိုရှိမလဲဆိုတာ ကျွန်တော်တို့ ကြည့်ရပါမယ်။ မနက်ဖြန် ဆုံးဖြတ်စရာ မလိုဘူး ဟုတ်တယ်မလား။ ကျွန်တော်တို့အနေနဲ့ ဖြစ်နိုင်ခြေရှိတဲ့ ပြဿနာတွေကိုစောင့်ကြည့်ဖို့ အချိန်ရှိပါတယ်။ ကျွန်တော်တို့ စောင့်ကြည့်ကြတာပေါ့" ဟု ၎င်းက ဆိုသည်။

ရိုဒရီသည် ၂၀၁၉ ခုနှစ် နွေရာသီတွင် အက်သလက်တီကိုအသင်းမှ မန်စီးတီးသို့ ပြောင်းရွှေ့လာသူဖြစ်ပြီး ၎င်းပါဝင်သည့် ပြိုင်ပွဲစုံ ပွဲ ၂၆၀ တွင် ၇၃ ရာခိုင်နှုန်း အနိုင်ရကာ ၁၅ ရာခိုင်နှုန်းသရေ၊ ၁၁ ရာခိုင်နှုန်းသာ ရှုံးနိမ့်သော်လည်း ၎င်းမပါဝင်သည့် ၄၅ ပွဲတွင် ၆၄ ရာခိုင်နှုန်း အနိုင်ရကာ ၁၁ ရာခိုင်နှုန်း သရေနှင့် ၂၄ ရာခိုင်နှုန်းအထိ ရှုံးနိမ့်ထားကြောင်း သိရသည်။

Most Read

Most Recent