သမ္မတ ဗလာဒီမာပူတင်က ရုရှား၏ နျူကလီးယားလက်နက်များ အသုံးပြုရေးအတွက် စည်းမျဉ်းစည်းကမ်းများကို ကြေညာ

သမ္မတ ဗလာဒီမာပူတင်က ရုရှား၏ နျူကလီးယားလက်နက်များ အသုံးပြုရေးအတွက် စည်းမျဉ်းစည်းကမ်းများကို ကြေညာ
ရုရှား၏ Yars တိုက်ချင်းပစ်ဒုံးကျည်ကို မတ် ၉ ရက် စစ်ရေးပြအခမ်းအနားတွင် တွေ့ခဲ့ရစဉ်(Photo: AFP)
ရုရှား၏ Yars တိုက်ချင်းပစ်ဒုံးကျည်ကို မတ် ၉ ရက် စစ်ရေးပြအခမ်းအနားတွင် တွေ့ခဲ့ရစဉ်(Photo: AFP)
Published 26 September 2024

ရုရှားသမ္မတဗလာဒီမာပူတင်သည် ရုရှား၏နျူကလီးယားလက်နက်များ အသုံးပြုရေးနှင့်သက်ဆိုင်သော စည်းမျဉ်းစည်းကမ်းများ ကျယ်ဝန်းလာစေရေးအတွက် အစီအမံများကို စက်တင်ဘာ ၂၅ ရက်တွင် ကြေညာခဲ့ ရာ အင်နှင့်အားနှင့် လေကြောင်းတိုက်ခိုက်မှုများ ဖြစ်လာမည်ဆိုပါက ရုရှားသည်နျူက လီးယားလက်နက်များကို အသုံးပြုခွင့်ရလာစေမည်ဖြစ်သည်။

အဆိုပြုလိုက်သော စည်းကမ်းများအရ  နျူကလီးယားလက်နက်ပိုင်ဆိုင်သော နိုင်ငံက အထောက်အပံ့ပေးထားသော နျူကလီးယားလက်နက်မပိုင်သောနိုင်ငံ၏တိုက်ခိုက်မှုမှန်သမျှကို ယင်းနှစ်နိုင်ငံ၏ပူးတွဲတိုက်ခိုက်မှုအဖြစ် ရုရှားက မှတ်ယူမည်ဟုဆိုသည်။

ပေါ်ပေါက်လာသော ခြိမ်းခြောက်မှုများနှင့်အညီ အလိုက်သင့်ပြောင်းလဲမှုများ လုပ်ဆောင်ရန် လိုအပ်နေသည်ဟု ပူတင်ကပြောကြားခဲ့သည်။ ၎င်းက ယူကရိန်းကို တိုက်ရိုက်ရည်ညွှန်းခြင်းမပြုသော်လည်း အဆိုပြုလိုက်သော စည်းမျဉ်းစည်းကမ်းများသည် ၂၀၂၂ခု နှစ် ဖေဖော်ဝါရီလထဲတွင် ရုရှားလုပ်ဆောင်ခဲ့သော ယူကရိန်းထိုးစစ်နှင့်ဆက်စပ်နေပုံရသည်။

အနောက်အုပ်စုက ပေးထားသော တာဝေးပစ်လက်နက်များဖြင့် ရုရှားနိုင်ငံထဲကပစ်မှတ်များကို တိုက်ခိုက်ခွင့်ပြုရန် ယူကရိန်းက ကြိမ်ဖန်များစွာ တောင်းဆိုနေချိန်တွင် ပူတင်ကိုယ်တိုင် အတည်ပြုရန် လုပ်ပိုင်ခွင့်ရှိထားသော စည်းမျဉ်းစည်းကမ်း အပြောင်းအလဲများ ထွက်ပေါ်လာခြင်းဖြစ်သည်။ တာဝေး ပစ်လက်နက်များအသုံးပြု၍ ရုရှားနယ်မြေထဲကို တိုက်ခိုက်ခွင့်ပြုရေးအတွက် အနောက်အုပ်စုထံ ယူကရိန်း၏တောင်းဆိုမှုများသည် လက်ရှိအချိန်ထိ အကြောင်းမထူးပေ။

နိုင်ငံ၏အချုပ်အခြာအာဏာကို ကာကွယ်ရေးအတွက် အဆုံးစွန်သော အစီအမံဖြစ်သည့် ရုရှား၏နျူကလီးယားစည်းကမ်းချက်များနှင့်သက်ဆိုင်သော အပြောင်းအလဲများကို ပူတင်က ထိပ်တန်းတာဝန်ရှိသူများနှင့်လုပ်ဆောင်သောအစည်းအဝေးတွင် အသေးစိတ်ပြောကြားခဲ့ခြင်းဖြစ်ပြီး အဆိုပါ အ စည်းအဝေးကို ရုပ်သံတိုက်ရိုက်ထုတ်လွှင့်ခဲ့သည်။

“ကျွန်တော်တို့က ခေတ်မီစစ်တပ်ကို မြင်နေရပါတယ်။ နိုင်ငံရေးအခြေအနေဟာ အလှုပ်အရမ်းများစွာ ပြောင်းလဲနေပါတယ်။ ကျွန်တော်တို့အနေနဲ့အဲဒီအချက်ကို ထည့်သွင်းစဉ်းစားရမှာဖြစ်ပါတယ်”ဟု ပူတင်က ပြောကြားခဲ့ပြီး စစ်ရေးခြိမ်းခြောက်မှု နေရာသစ်များ ပေါ်ပေါက်လာခြင်း၊ ရုရှားနှင့်ရုရှား၏မဟာမိတ်များအတွက် အန္တရာယ်များ ပေါ်ပေါက်လာခြင်းတို့ကို ကိုးကားပြောဆိုခဲ့သည်။

နျူကလီးယားလက်နက်မပိုင်သော နိုင်ငံက နျူကလီးယားလက်နက်ပိုင်သော နိုင်ငံ၏အထောက်အပံ့ သို့မဟုတ် ပါဝင်မှုဖြင့် ရုရှားကို ထိပါးတိုက်ခိုက်လာမှုအား ယင်းနှစ်နိုင်ငံပူးပေါင်း၍ ရုရှားကို တိုက်ခိုက်မှုအဖြစ် သတ်မှတ်မည့်ကိစ္စသည်လည်း စည်းကမ်းချက်အသစ်များထဲတွင် ပါဝင်ကြောင်းပူတင်က ပြောကြားခဲ့သည်။

ထိုအချက်ကို အပြင်ပန်းအားဖြင့် ယူကရိန်းအတွက် အသုံးချလိမ့်မည်ဖြစ်သည်။ နျူကလီးယားလက်နက် ပိုင်ဆိုင်ထားခြင်းမရှိသော ယူကရိန်းသည် နျူကလီးယားလက်နက်ပိုင်သော အမေရိကန်ပြည်ထောင်စုနှင့်အခြား နျူကလီးယားလက်နက်ပိုင်ထားသည့် နိုင်ငံများထံမှ စစ်ရေးအထောက်အပံ့များ ရရှိထားသောနိုင်ငံဖြစ်သည်။       

အဆိုပြုထားသာ အပြောင်းအလဲများသည် နျူကလီးယားလက်နက်များကို ပြောင်းလဲအသုံးပြုရာတွင် ရုရှားအတွက် အခြေအနေများကို ရှင်းလင်းပြတ်သားစွာ သတ်မှတ်ပေးလိုက်သည်ဟု ပူတင်က ပြောကြားခဲ့သည်။

“ကျွန်တော်တို့နိုင်ငံရဲ့နယ်နိမိတ်ကို သူတို့ ဖြတ်ကျော်တာ၊ အင်အားအပြည့်နဲ့လေကြောင်းတိုက်ခိုက်တာ၊ ဝေဟင်ကနေ တိုက်ခိုက်တဲ့လက်နက်တွေသုံးတာတို့နဲ့ပတ်သက်လို့ ယုံကြည်စိတ်ချရတဲ့ သတင်းကို ကျွန်တော် တို့ လက်ခံရရှိတယ်ဆိုတာနဲ့တစ်ပြိုင်တည်း အဲဒီဖြစ်နိုင်ခြေကို ကျွန်တော်တို့ စဉ်းစားသုံး သပ်သွားမှာဖြစ်ပါတယ်”ဟု ပူတင်က ဖြည့်စွက် ပြောကြားခဲ့သည်။                 

Ref: AFP

Most Read

Most Recent