မန်စီးတီးနှင့်ပွဲအပြီးတွင် အချိန်ဆွဲသည်ဟု စွပ်စွဲခံနေရသည့် အာဆင်နယ်အသင်းမှာ ယခုရာသီ ပရီးမီးယားလိဂ်တွင်အချိန်အဆွဲဆုံးအသင်းဖြစ်ကြောင်း Opta ဖော်ပြ

မန်စီးတီးနှင့်ပွဲအပြီးတွင် အချိန်ဆွဲသည်ဟု စွပ်စွဲခံနေရသည့် အာဆင်နယ်အသင်းမှာ ယခုရာသီ ပရီးမီးယားလိဂ်တွင်အချိန်အဆွဲဆုံးအသင်းဖြစ်ကြောင်း Opta ဖော်ပြ
Photo: AFP
Photo: AFP
Published 25 September 2024

 

မန်စီးတီးနှင့်ပွဲအပြီးတွင် အချိန်ဆွဲသည်ဟု စွပ်စွဲခံနေရသည့် အာဆင်နယ်အသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် အချိန်အဆွဲဆုံးအသင်းအဖြစ် ရပ်တည်နေကြောင်း Opta က ဖော်ပြခဲ့သည်။ 

အာဆင်နယ်အသင်းသည် စက်တင်ဘာ (၂၂)ရက်က ကစားခဲ့သည့် မန်စီးတီးအသင်းနှင့် (၂-၂)ဂိုးဖြင့် သရေကျသော ပရီးမီးယားလိဂ်ပွဲအပြီးတွင် အချိန်ဆွဲကစားသည်ဟု  ဒုတိယပိုင်း၌ အချိန်ဆွဲကစားခဲ့သည်ဟု စွပ်စွဲခံနေရခြင်းဖြစ်သည်။ မန်စီးတီးကစားသမားအများစုက အာဆင်နယ်ကစားသမားများ၏ပွဲကို ရပ်တန့်ရန် ကြိုးစားမှုနှင့် အချိန်ဆွဲကစားမှုများမှာ လက်ခံနိုင်စရာမရှိကြောင်း ဝေဖန်ခဲ့ကြပြီး မန်စီးတီးအသင်းခေါင်းဆောင် ဝေါ်လ်ကာက အာဆင်နယ်အသင်းအနေဖြင့် The Dark Arts (ပွဲအရှိန်ကို ရပ်တန့်ရန်နှင့် အချိန် ဆွဲရန်အတွက် Tactical Foul များ ကျူးလွန်ခြင်း)ကို အသုံးပြုခဲ့သည်ဟု စွပ်စွဲပြောကြားခဲ့သည်။ 

ယခုအခါ Opta က ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲဝင်အသင်း (၂၀) ကိုလေ့လာဆန်းစစ်ခဲ့ရာ အာဆင်နယ်အသင်းက အချိန်အဆွဲဆုံးအသင်းအဖြစ် ရပ်တည်နေကြောင်း သိရှိရသည်။ Opta ၏စစ်တမ်းအရ အာဆင်နယ်အသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ပွဲစကန်ချိန်၊ လက်ပစ်ဘောမြှောက်ချိန်၊ ပယ်နယ်တီကန်ချိန်၊ အလွတ်တည်ကန်ဘောကန်ချိန်၊ ထောင့်ကန်ဘောကန်ချိန်နှင့် ဂိုးသမား ဘောလုံးတည်ကန်ချိန်များတွင် အချိန်အဖြုန်းဆုံးအသင်းအဖြစ် ရပ်တည်နေခြင်းဖြစ်သည်။ အာဆင်နယ်အသင်းသည် အဆိုပါအခြေအနေများအတွက် တစ်ခုလျှင် ပျမ်းမျှ (၃၁.၈)စက္ကန့် အထိ အချိန်ယူလေ့ရှိကြောင်း သိရသည်။ 

အာဆင်နယ်အသင်းနောက်တွင် တန်းတက် လက်စတာအသင်းက (၃၁.၇) စက္ကန့်ဖြင့် ဒုတိယနေရာ၌ ရပ်တည်လျက်ရှိသည်။ ယခုရာသီ ပရီးမီးယားလိဂ်တွင် Dead Ball များအတွက် အချိန်မဆွဲဆုံးအသင်းမှာ ဝက်စ်ဟမ်းဖြစ်ပြီး (၂၃.၄)စက္ကန့်သာ ကြာမြင့်ကြောင်း သိရသည်။ အာဆင်နယ်အသင်းသည် ပြီးခဲ့သည့်ရာသီကလည်း လီဗာပူးလ်နှင့်(၂-၂) ပွဲတွင် အချိန်ဆွဲခဲ့ကြောင်း Daily Mail က ဖော်ပြခဲ့သည်။

Most Read

Most Recent