ထိုင်းနိုင်ငံ အယုဒ္ဒယရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် တရားမဝင် မြန်မာလုပ်သား ၃၀၀ နီးပါးခန့် ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ အယုဒ္ဒယရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် တရားမဝင် မြန်မာလုပ်သား ၃၀၀ နီးပါးခန့် ဖမ်းဆီးခံရ
Published 25 September 2024

ထိုင်းနိုင်ငံ အယုဒ္ဒယရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် တရားမဝင် မြန်မာလုပ်သား ၃၀၀ နီးပါးခန့် ဖမ်းဆီးခံရကြောင်း ဘန်ကောက်ပို့စ်သတင်းတွင် ဖော်ပြထားသည်။

အယုဒ္ဓယခရိုင်ရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုကို စက်တင်ဘာ ၂၄ ရက် နံနက်က ထိုင်းအာဏာပိုင်များက ဝင်ရောက်စီးနင်းပြီး တရားမဝင်မြန်မာလုပ်သားများကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးခံရသူ မြန်မာလုပ်သားအရေအတွက်မှာ ၂၇၂ ဦးရှိပြီး နံနက် ၆ နာရီခန့်တွင် တာဝန်ရှိသူများက လုပ်ငန်းခွင်အား ဝင်ရောက်စီးနင်းခဲ့ရာ အမျိုးသားများသာမက အမျိုးသမီးများလည်း ဖမ်းဆီးခံခဲ့ရသည်။

ဖမ်းဆီးခံရသူတစ်ဦး၏ ထွက်ဆိုချက်အရ ၎င်းနှင့်အတူ အခြားလုပ်သား ၃၀၀ ခန့်မှာ တာခ့်ခရိုင်မဲဆောက်မှ တစ်ဆင့် တရားမဝင်ဝင်ရောက်ခဲ့ကြောင်း၊ ပွဲစားဖြစ်သူထံ တစ်ဦးလျှင် ဘတ် နှစ်သောင်းခန့် ခရီးစရိတ်ပေးရပြီး ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် အလုပ်ရခဲ့ကြောင်း သိရသည်ဟု သတင်းတွင် ဖော်ပြထားသည်။

ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် တစ်ရက်လျှင် ဘတ် ၅၀၀ ရရှိပြီး ကျွမ်းကျင်လုပ်သားအဆင့်မှာ ဘတ် ၆၀၀ ရရှိကြောင်း၊ မြန်မာနိုင်ငံတွင် တိက်ပွဲများဖြစ်ပွားနေသဖြင့် ထိုင်းနိုင်ငံသို့ သွားရောက်လုပ်ကိုင်ခြင်းကလွဲပြီး အခြားရွေးချယ်စရာ နည်းပါးသည်ဟု အလုပ်သမားတစ်ဦး၏ ပြောကြားချက်ကို သတင်းတွင် ဖော်ပြထားသည်။

အဆိုပါ ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို ထိုင်းအာဏာပိုင်များက လွန်ခဲ့သည့် နှစ်နှစ်ခန့်ကလည်း ဝင်ရောက်စီးနင်းခဲ့ပြီး ယခုအကြိမ်မှာ ဒုတိယအကြိမ်မြောက်ဖြစ်သည်။

ဖမ်းဆီးခံရသည့် တရားမဝင်ရွှေ့ပြောင်းလုပ်ကိုင်သည့် မြန်မာလုပ်သားများကို တရားစွဲဆိုပြီး နေရပ်သို့ ပြန်ပို့မည်ဖြစ်ကြောင်း ဘန်ကောက်ပိုစ့်သတင်းတွင် ဖော်ပြထားသည်။

Most Read

Most Recent