ဟားခါးမြို့ပေါ်ရှိ  Non-CDM ဝန်ထမ်းများကို တွေ့သည့်နေရာတိုင်းတွင် ပစ်ခတ်မည်ဟု CDF(ဟားခါး)အဖွဲ့ ထုတ်ပြန်

ဟားခါးမြို့ပေါ်ရှိ  Non-CDM ဝန်ထမ်းများကို တွေ့သည့်နေရာတိုင်းတွင် ပစ်ခတ်မည်ဟု CDF(ဟားခါး)အဖွဲ့ ထုတ်ပြန်
CDF(ဟားခါး) အဖွဲ့က ထုတ်ပြန်ထားသည့် ပုံတွင် ၎င်းတို့၏ အဖွဲ့ဝင်များကိုတွေ့ရစဉ်။
CDF(ဟားခါး) အဖွဲ့က ထုတ်ပြန်ထားသည့် ပုံတွင် ၎င်းတို့၏ အဖွဲ့ဝင်များကိုတွေ့ရစဉ်။
Published 25 September 2024

ချင်းပြည်၊ ဟားခါးမြို့ပေါ်ရှိ Non-CDM  ဝန်ထမ်းများကို တွေ့သည့်နေရာတိုင်းတွင် ပစ်ခတ်မည်ဟု CDF(ဟားခါး)အဖွဲ့၏ လူမှုကွန်ရက်စာမျက်နှာတွင် ချင်းဘာသာဖြင့် စက်တင်ဘာ ၂၃ ရက်တွင် ထုတ်ပြန်ထားသည်။

အဆိုပါ CDF(ဟားခါး) အဖွဲ့၏ ထုတ်ပြန်မှုကို Chinland News က ထပ်ဆင့်ဖော်ပြမှုတွင် ချင်းတိုင်းရင်းသားအချို့က  မှတ်ချက်ရေးသားထားရာ၌ Non-CDM  ဝန်ထမ်းများကို ယခုထုတ်ပြန်သည့်အတိုင်း ပစ်ခတ်မည့်ကိစ္စသည့်အပေါ် မထောက်ခံကြောင်းနှင့် ဖမ်းဆီးအရေးယူမှုသာ ပြုလုပ်သင့်သည်ဟု ရေးသားထားသည်ကိုတွေ့ရသည်။

CDF(ဟားခါး) အဖွဲ့အနေဖြင့် Non-CDM  ဝန်ထမ်းအားလုံးကို သတိပေးခြင်းထက် သန်းခေါင်စာရင်းကောက်ယူရာတွင် ပါဝင်မည့် ဝန်ထမ်းများကို သတိပေးလိုခြင်းဖြစ်နိုင်ကြောင်း Chinland News ၏ဖော်ပြမှုတွင် မှတ်ချက်ပြုရေးသားထားသည်ကိုတွေ့ရသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း CDM  မပြုလုပ်ခြင်းနှင့် ဒလန်စွပ်စွဲချက်များဖြင့် ဆရာ ဆရာမ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများ၊ သံဃာတော်များ၊ သီလရှင်ဆရာကြီးအချို့၊ ကျန်းမာရေးဝန်ထမ်းများအပါအဝင်  ၈၁ဝဝ ဦး လုပ်ကြံသတ်ဖြတ်ခံထားရသည်။

အခြားတစ်ဖက်တွင် နစက၏ လုံခြုံရေးတပ်ဖွဲ့ဝင်များကြောင့် သေဆုံးသူ စက်တင်ဘာ ၂၅ အထိ ၅၆၉၄ ဦးရှိ ကြောင်း AAPP အဖွဲ့၏ စာရင်းများတွင် ဖော်ပြထားပြီး ယင်းစာရင်းများသည် အချက်အလက်ခိုင်မာမှုမရှိကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ယခင်ကတည်းက တုံ့ပြန်ထားသည်။

ထို့သို့ နှစ်ဖက်စာရင်းများအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း အရပ်သားသေဆုံးမှုသည် ဦးရေ ၁၃ဝဝဝ ကျော်ရှိပြီဖြစ်သည်။

Most Read

Most Recent