လက်ဘနွန်နိုင်ငံရှိ ဟစ်ဇဘိုလာ အမာခံနယ်မြေများကို အစ္စရေးက တိုက်ခိုက်ခဲ့သောကြောင့် ကလေးများအပါအဝင် လူ ၅၀၀ နီးပါးသေဆုံး

လက်ဘနွန်နိုင်ငံရှိ ဟစ်ဇဘိုလာ အမာခံနယ်မြေများကို အစ္စရေးက တိုက်ခိုက်ခဲ့သောကြောင့် ကလေးများအပါအဝင် လူ ၅၀၀ နီးပါးသေဆုံး
အစ္စရေးတိုက်ခိုက်မှုကြောင့် လက်ဘနွန်တောင်ပိုင်း၌ မီးခိုးများ ထွက်လာပုံကို စက်တင်ဘာ ၂၃ ရက်တွင် တွေ့ရစဉ်(Photo: AFP)
အစ္စရေးတိုက်ခိုက်မှုကြောင့် လက်ဘနွန်တောင်ပိုင်း၌ မီးခိုးများ ထွက်လာပုံကို စက်တင်ဘာ ၂၃ ရက်တွင် တွေ့ရစဉ်(Photo: AFP)
Published 24 September 2024

စက်တင်ဘာ ၂၃ ရက်တွင်  လက်ဘနွန် ကို အစ္စရေး၏လေကြောင်းတိုက်ခိုက်မှုများကြောင့် ကလေး ၃၅ ဦးအပါအဝင် အနည်းဆုံး ၄၉၂ ဦးသေဆုံးသွားခဲ့သည်ဟု လက်ဘနွန်ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန် လိုက်ပြီး ဂါဇာစစ်ပွဲစတင်ပြီးနောက်ပိုင်း နယ်စပ်ဖြတ်ကျော်တိုက်ခိုက်မှုအတွင်း လူအများ ဆုံးသေဆုံးသောနေ့ဖြစ်သည်ဟုဆိုသည်။

ဟစ်ဇဘိုလာနှင့်တိုက်ပွဲဖြစ်ပွားမှုများမြင့်တက်လာခြင်းအတွက် အာရပ်နိုင်ငံများက အစ္စရေးကို ပြင်းထန်စွာ ပြစ်တင်ရှုတ်ချခဲ့ကြသည်။ အစ္စရေးနှင့်ဟစ်ဇဘိုလာသည် တစ်နှစ်နီးပါးအချိန်အတွင်းတွင် မကြုံဖူးသော အနေအထားဖြင့် တိုက်ခိုက်မှုများမြင့်တက်လာခြင်းဖြစ်သည်။

ဟားမာ့စ်နှင့်အခြားသော ပါလက်စတိုင်းစစ်သွေးကြွများက အောက်တိုဘာ ၇ ရက်တွင် အစ္စရေးနိုင်ငံထဲကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် ဂါဇာစစ်ပွဲဖြစ်ပွားခဲ့သည်။ ဂါဇာစစ်ပွဲသည် ဟစ်ဇဘိုလာအဖွဲ့နှင့် အီရန်ကျောထောက်နောက်ခံပြုထားသောအုပ်စုများ ပါဝင်လာသော စစ်ပွဲဖြစ်လာသည်။

“မြောက်ပိုင်းမြားများ စစ်ဆင်ရေး”ဟု အစ္စရေးစစ်တပ်က အမည်ပေးထားသော စစ်ဆင်ရေးတွင်ဘေရွတ်မြို့၌ ပစ်မှတ်ထားသော တိုက်ခိုက်မှုများအပါအဝင် လက်ဘနွန်တောင်ပိုင်းနှင့်အရှေ့ပိုင်းတို့ရှိနေရာ ၁,၆၀၀ ခန့်ကို တိုက်ခိုက်ခဲ့ရာတွင် ဟစ်ဇဘိုလာစစ်သွေးကြွအများအပြား သေဆုံးသွားခဲ့သည်ဟု အစ္စရေးက ပြောကြားခဲ့သည်။

ဟစ်ဇဘိုလာ၏တတိယစစ်သေနာပတိ အလီခါရာကီကို ပစ်မှတ်ထားသည့်ဘေရွတ်ကို တိုက်ခိုက်မှုအတွင်း ယင်းစစ်သေနာပတိသည် အသက်ရှင်ခဲ့ပြီး ၎င်းကို ဘေးကင်းရာသို့ရွှေ့ပြောင်းထားသည်ဟု ဟစ်ဇဘိုလာက ပြောကြားခဲ့သည်။

လက်ဘနွန်အရှေ့ပိုင်း၌ စီးနင်းတိုက် ခိုက်မှုအသစ်များရှိခဲ့သည်ဟု အစိုးရပိုင်မီဒီယာကဖော်ပြခဲ့ပြီးနောက် ဟစ်ဇဘိုလာက အစ္စရေး၏စစ်ဘက်နေရာများကို ၏ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့သည်ဟု ယင်းအဖွဲ့ကပြော ကြားခဲ့သည်။

လေကြောင်း စီးနင်းတိုက်ခိုက်မှုအချက် ပေးဥသြသံများထွက်ပေါ်လာသောကြောင့် အစ္စရေးကမ်းရိုးတန်းမြို့ ဟိုင်ဖာတွင် နေထိုင်ကြသော ပြည်သူများသည် စက်တင်ဘာ ၂၃ ရက်တွင် အကာအကွယ်ရှိရာနေရာများသို့ ပြေးလွှားခဲ့ကြရသည်။

အစ္စရေးတိုက်ခိုက်မှုများကြောင့် လူ ၄၉၂ ဦးသေဆုံးသွားခဲ့သည်ဟု လက်ဘနွန်ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ သေဆုံးသူများထဲတွင် ကလေး ၃၅ ဦး၊ အမျိုးသမီး ၅၈ ဦးတို့ပါဝင်နေပြီး ၁,၆၄၅ ဦး ဒဏ်ရာရခဲ့သည်ဟုဆိုသည်။ မိသားစု ထောင်ပေါင်းများစွာသည် နေရပ်စွန့်ခွာခဲ့ရသည်ဟု လက်ဘနွန်ကျန်းမာရေးဝန်ကြီး ဖိုင်ရက်အဘီယက်က ပြောကြားခဲ့သည်။

လက်ဘနွန်နိုင်ငံအရှေ့ပိုင်းရှိ ဘားလ်ဘက်ရှေ့ဟောင်းမြို့အနီး ပေါက်ကွဲမှုများကြောင့် မီးခိုးများကောင်းကင်သို့ ထိုးတက်လာခဲ့သည်။

“ကျွန်မတို့က အိပ်နေကြတာပါ။ ဗုံးကြဲတာတွေကြောင့် နိုးလာခဲ့ပါတယ်။ ကျွန်မတို့ရဲ့ဘဝဟာ အဲဒီလိုဖြစ်လာခဲ့ပြီဖြစ်ပါတယ်”ဟု လက်ဘနွန်တောင်ပိုင်းရှိ ဇောတာရွာတွင် နေထိုင်သော အသက် ၆၀ အရွယ်အိမ်ထောင်ရှင်မ ၀ါဖားအစ္စမေးလ်က ပြောကြားခဲ့သည်။

တိုက်ပွဲများသည် ဂါဇာနှင့်ထိစပ်နေသော အစ္စရေး နယ်စပ်တောင်ပိုင်းမှ လက်ဘနွန်နှင့်ထိစပ်နေသော အစ္စရေးမြောက်ပိုင်းနယ်စပ်သို့ ပြောင်းသွားချိန်တွင် ကမ္ဘာ့အင်အားကြီးနိုင်ငံများက အစ္စရေးနှင့်ဟစ်ဇဘိုလာတို့ မီးကုန်ယမ်းကုန်စစ်ပွဲ မဖြစ်အောင်ရှောင်ကြရန် တိုက်တွန်းပြောကြားလျက်ရှိသည်။

ပြင်သစ်နှင့်အီဂျစ်တို့က ကြားဝင်ပေးရန် ကုလသမဂ္ဂကို တောင်းဆိုခဲ့သည်။

ထို့အပြင် နယူးယောက်တွင် ကျင်းပနေသော ကုလသမဂ္ဂအထွေထွေညီလာခံ၏ ဘေးဆွယ် အစည်းအဝေးပွဲများတွင် အာရပ်နိုင်ငံများ အရေးပေါ်အစည်းအဝေးပြုလုပ်ရေးအတွက် အီရတ်နိုင်ငံက မေတ္တာရပ်ခံထားသည်။

Ref: AFP