ရီးယဲလ်မက်ဒရစ်နှင့် အပြောင်းအရွှေ့သတင်းများကို မန်စီးတီးကွင်းလယ်ကစားသမား ရိုဒရီ တုံ့ပြန်

ရီးယဲလ်မက်ဒရစ်နှင့် အပြောင်းအရွှေ့သတင်းများကို မန်စီးတီးကွင်းလယ်ကစားသမား ရိုဒရီ တုံ့ပြန်
Photo: X
Photo: X
Published 19 September 2024

မန်စီးတီးကွင်းလယ်ကစားသမား ရိုဒရီက စပိန်ထိပ်သီး ရီးယဲလ်မက်ဒရစ်အသင်းက ၎င်းကို ခေါ်ယူရန် စိတ်ဝင်စားနေသည်ဆိုသော သတင်းများနှင့် ပတ်သက်ပြီး ပြောစရာမရှိကြောင်း တုံ့ပြန်ခဲ့သည်။

အသက် (၂၈) နှစ်အရွယ်ရှိ စပိန်ကွင်းလယ်ကစားသမား ရိုဒရီသည် ၂၀၁၉ ခုနှစ်တွင် အက်သလက်တီကိုအသင်းမှ မန်စီးတီးအသင်းထံသို့ ပြောင်းရွှေ့လာခဲ့ပြီးနောက် အကောင်းဆုံးခြေစွမ်းပြနေသလို၊ အသင်းနှင့်အတူ ဆုဖလားအားလုံးကို ရရှိထားသည်။

The Independent သတင်းစာ၏ဖော်ပြချက်အရ ရီးယဲလ်မက်ဒရစ်အသင်းသည် ရိုဒရီကို မျက်စိကျနေပြီး လာမည့် ၂၀၂၅ နွေရာသီတွင် အရခေါ်ယူသွားရန် စီစဉ်နေကြောင်း သိရသည်။

မန်စီးတီးအသင်းနှင့် ၂၀၂၇ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသည့် ရိုဒရီက ၎င်း၏အနာဂတ်နှင့်ပတ်သက်ပြီး ဖွင့်ဟပြောကြားခဲ့ခြင်းဖြစ်သည်။

ရိုဒရီက ''မန်စီးတီးအသင်းနဲ့ချုပ်ဆိုထားတဲ့ ကျွန်တော့်ရဲ့စာချုပ်က (၃) နှစ်သက်တမ်း ရှိနေပါသေးတယ်။ ၂၀၂၂ ခုနှစ်မှာ မန်စီးတီးနဲ့ စာချုပ်သစ်ချုပ်တုန်းက တခြားအသင်းတွေအကြောင်း ကျွန်တော် လုံးဝမစဉ်းစားခဲ့ပါဘူး။ မန်စီးတီးမှာ ကျွန်တော် (၃) နှစ် ရှိနေပါဦးမယ်။  ဒီတော့ တခြားဘာမှပြောစရာမရှိပါဘူး''ဟု ပြောကြားခဲ့သည်။

မန်စီးတီးအသင်းသည် ရီးယဲလ်အသင်းက ခေါ်ယူရန်စိတ်ဝင်စားနေသည့် ၎င်းတို့၏ကွင်းလယ်ကစားသမား ရိုဒရီကို လစာများစွာတိုးမြှင့်ပေးကာ စာချုပ်သစ်ချုပ်ဆိုရန် စီစဉ်နေကြောင်းလည်း ဗြိတိန်မီဒီယာများက ဖော်ပြနေကြသည်။ 

Most Read

Most Recent