■ ရီးယဲလ်အသင်း၏ လူစာရင်းသည် ပြီးခဲ့သည့်ရာသီထက် ပိုမို်တောင့်တင်းလာသည်ဟု အန်ဆယ်လော့တီ သုံးသပ်ပြောကြား

■ ရီးယဲလ်အသင်း၏ လူစာရင်းသည် ပြီးခဲ့သည့်ရာသီထက် ပိုမို်တောင့်တင်းလာသည်ဟု အန်ဆယ်လော့တီ သုံးသပ်ပြောကြား
Photo: AFP
Photo: AFP
Published 17 September 2024

ရီးယဲလ်နည်းပြ အန်ဆယ်လော့တီက လက်ရှိအသင်း၏လူစာရင်းသည် ပြီးခဲ့သည့်ရာသီထက် ပိုမိုတောင့်တင်းလာသည်ဟု သုံးသပ် ပြောကြားခဲ့သည်။

ရီးယဲလ်အသင်းသည် ချန်ပီယံလိဂ်ပြိုင်ပွဲ၏ လက်ရှိချန်ပီယံအသင်း ဖြစ်ပြီး ယခုရာသီတွင်လည်း ဗိုလ်စွဲရန် ဒုတိယရေပန်းအစားဆုံးအသင်းအဖြစ် ရပ်တည်နေသည်။

ထို့ကြောင့် ချန်ပီယံလိဂ်ပြိုင်ပွဲနှင့် ပတ်သက်၍ မေးမြန်းမှုပြုလုပ်ခဲ့ရာ အန်ဆယ်လော့တီက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

''ချန်ပီယံလိဂ်ပြိုင်ပွဲဆိုတာ ရီးယဲလ်အသင်းအတွက် ထူးခြားတဲ့အရာပါ။ ကျွန်တော်တို့ နောက်ဆုံးအဆင့်အထိ ရောက်ရှိအောင် ကြိုးစားသွားမှာပါ။ အသင်းရဲ့လူစာရင်းမှာ ဘာတွေဖြစ်ပျက်ခဲ့သလဲဆိုတာ ခင်ဗျားတို့ သိပါတယ်။ အရေးပါတဲ့ ကစားသမားတွေဖြစ်တဲ့ နာချိုနဲ့ ကရို့စ်တို့ကို ကျွန်တော်တို့ ဆုံးရှုံးခဲ့ရပါတယ်။ ပြီးတော့ ဟိုဆေးလူရောပေါ့။ ဒါပေမဲ့ ကမ္ဘာ့အကောင်းဆုံးကစားသမား ဒါမှမဟုတ် အကောင်းဆုံးတွေထဲက တစ်ယောက်ကို ကျွန်တော်တို့ အစားထိုးနိုင်ခဲ့ပါတယ်။ ဒါကြောင့် အသင်းရဲ့ လူစာရင်းက ပြီးခဲ့တဲ့ရာသီထက် ပိုကောင်းလာသလားလို့မေးရင် ကျွန်တော်ကတော့ အဲဒီလိုထင်ပါတယ်''ဟု အန်ဆယ်လော့တီက ပြောကြားခဲ့သည်။

ရီးယဲလ်အသင်းသည် ယခုရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ၏ လိဂ်အဆင့်တွင် စတုဂတ်၊ လိုင်လီ၊ ဒေါ့မွန်၊ အေစီမီလန်၊ လီဗာပူးလ်၊ အတ္တလန်တာ၊ ဆာလ်ဇ်ဘာ့ဂ်၊ ဘရက်စ်တို့နှင့် ဆုံ တွေ့နေပြီး ယခုတစ်ပတ်တွင် စတုဂတ်နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

Most Read

Most Recent