ဒေါ်နယ်ထရန့်သည် ဖလော်ရီဒါပြည်နယ်၌ လုပ်ကြံရန်ကြိုးပမ်းမှု၏ ပစ်မှတ်ဖြစ်ခဲ့သည်ဟု အက်ဖ်ဘီအိုင်က ပြောကြားခဲ့ပြီး ထရန့်သည် ဘေးကင်းကာ အန္တရာယ်ကင်းခဲ့သည်ဟု ၎င်း၏စည်းရုံးရေးအဖွဲ့က ထုတ်ပြန်

ဒေါ်နယ်ထရန့်သည် ဖလော်ရီဒါပြည်နယ်၌ လုပ်ကြံရန်ကြိုးပမ်းမှု၏ ပစ်မှတ်ဖြစ်ခဲ့သည်ဟု အက်ဖ်ဘီအိုင်က ပြောကြားခဲ့ပြီး ထရန့်သည် ဘေးကင်းကာ အန္တရာယ်ကင်းခဲ့သည်ဟု ၎င်း၏စည်းရုံးရေးအဖွဲ့က ထုတ်ပြန်
Published 16 September 2024

ဒေါ်နယ်ထရန့်သည် စက်တင်ဘာ ၁၅ ရက်က ဖလော်ရီဒါပြည်နယ်တွင် ပေါ်ပေါ်တင်တင် လုပ်ကြံရန် ကြိုးပမ်းမှု၏ ပစ်မှတ်ဖြစ်ခဲ့သည်ဟု အက်ဖ်ဘီအိုင်က ပြောကြားခဲ့ပြီး ၎င်းသည် ဘေးကင်းပြီး အန္တရာယ်ကင်းခဲ့ သည်ဟု ရီပတ်ဘလီကင်ပါတီကိုယ်စားပြု သမ္မတလောင်းထရန့်၏ စည်းရုံးရေးအဖွဲ့နှင့်ဥပဒေထိန်းသိမ်းရေး ဌာနတို့က ပြောကြားခဲ့သည်။

အမေရိကန်ထောက်လှမ်းရေးအဖွဲ့၏ အေဂျင့်တစ်ဦး သို့မဟုတ် အေဂျင့်များက ထရန့်၏ ဂေါက်ကွင်းနယ်နိမိတ် အနီးတွင်ရှိနေသော သေနတ်သမားကို ပစ်ခတ်ခဲ့သည်ဟု ယင်းထောက်လှမ်းရေးအဖွဲ့က ပြောကြားခဲ့ပြီး အဝေးကြည့်ချိန်ခွက်ပါသော AK-47 ပုံစံရိုင်ဖယ် သေနတ်တစ်လက်နှင့် Gopro ကင်မရာတို့ကို ရရှိခဲ့သည်ဟု ဆိုသည်။

လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့နှင့် ထိပ်တိုက်တွေ့ဆုံနေချိန်တွင် သံသယရှိသူသည် ၎င်းပုန်းအောင်းနေသော ချုံပုတ်ထဲမှ ထွက်ပြေးသွားခဲ့ပြီ အနက်ရောင်ကားဖြင့် လွတ်မြောက်သွားခဲ့သည်။ မျက်မြင်တွေ့သူ တစ်ဦးက ကားကို ရဲများဖော်ထုတ်နိုင်ရန် အကူအညီပေးခဲ့ပြီး အာဏာပိုင်များက အဆိုပါကား၏ နောက်ကိုခြေရာခံ လိုက်သွားခဲ့သည်ဟု ဆိုသည်။

“သံသယဖြစ်သူဖြစ်နိုင်တဲ့ လူတစ်ယောက်ကို အခုကျွန်တော်တို့ ဖမ်းဆီးထားပါတယ်”ဟု Palm Beach ကောင်တီ ငြိမ်ပိပြားရေးအရာရှိ အဲရစ်ဘရက်ရှောက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အမေရိကန်မီဒီယာက အသက် ၅၈ နှစ်အရွယ် ရိုင်ယန်ဝက်စလေရုကို သံသယရှိသူအဖြစ် ဖော်ပြခဲ့သည်။ ၎င်းသည် ယူကရိန်းကို ထောက်ခံသည်ဟု ပြောကြားထားသူ ဖြစ်သည်။ ၎င်းအား ၂၀၂၂ ခုနှစ်တွင် အေ အက်ဖ်ပီသတင်းဌာနက ကိယက်ဗ်မြို့တွင် အင်တာဗျူးခဲ့သည်။ ယူကရိန်းစစ်တပ်ကို အကူအညီပေးရန် ကိယက်ဗ်မြို့ကို ရောက်လာသည့် ရိုင်ယန်ဝက်စလေရုကို အေအက်ဖ် ပီသတင်းဌာနက တွေ့ဆုံမေးမြန်းခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

သေနတ်ဖြင့် ပစ်ခတ်တော့မည့်သူကို သမ္မတဟောင်းထရန့်၏ အရှေ့တွင်ရှိသော ဂေါက်ကျင်းတစ်ခုအနီး ချုံပုတ်၌ တွေ့ရှိသည့်အခါ သမ္မတဟောင်းသည် ၎င်း၏မာရာလာ ဂိုးအိမ်တော်နှင့်မဝေးလှသော West Palm Beach  ရှိ ဂေါက်ကွင်းတွင် ဂေါက်ရိုက်နေခဲ့သည်ဟု ဘရက်ရှောက ပြောကြားခဲ့သည်။

“သမ္မတဟောင်းရဲ့အနီးနားမှာ သေနတ်သံတွေ ထွက်ပေါ်ခဲ့ပြီးနောက် သမ္မတဟောင်း ထရန့်ဟာ ဘေးကင်းပါတယ်”ဟု ထရန့်စည်းရုံးရေးအဖွဲ့အတွက် ပြောရေးဆိုခွင့်ရှိသူ စတီဗင်ချူအန်က ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ပြိုင်ဘက်ဖြစ်သော ဒေါ်နယ်ထရန့် အန္တရာယ်ကင်းသည်ကို သိရသည့်အတွက် စိတ်သက်သာရာရခဲ့သည်ဟု ဒီမိုကရက်တစ်သမ္မတလောင်း ကာမလာဟဲရစ်က ပြောကြားခဲ့သည်။

“အကြောက်တရား မရှိပါဘူး။ ကျွန်တော်ဟာ ဘေးကင်းပြီး ကောင်းကောင်းမွန်မွန် ရှိနေပါတယ်။ ဘယ်သူမှ ထိခိုက်တာမျိုး မရှိပါဘူး။ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်”ဟု ထရန့်က ရန်ပုံငွေကောက်ခံသော ဝက်ဆိုက်တွင် ထုတ်ပြန်ခဲ့သည်။

မိမိအား ဘေးကင်းအောင်လုပ်ပေးခဲ့ကြသည့် ထောက်လှမ်းရေးအဖွဲ့နှင့် ဘရက်ရှောတို့ကို ထရန့်က နောက်ပိုင်းတွင် ကျေးဇူးတင်စကားပြောခဲ့သည်။          

Ref:AFP

Most Read

Most Recent