ကန်ချနာဘူရီပြည်နယ်ရှိ အမျိုးသားဥယျာဉ်ထဲ ကျူးကျော်ဝင်ရောက်သော ကရင်လက်နက်ကိုင် ၃၀ ကို လက်နက်များနှင့်အတူ ထိုင်းနိုင်ငံက ဖမ်းဆီး

ကန်ချနာဘူရီပြည်နယ်ရှိ အမျိုးသားဥယျာဉ်ထဲ ကျူးကျော်ဝင်ရောက်သော ကရင်လက်နက်ကိုင် ၃၀ ကို လက်နက်များနှင့်အတူ ထိုင်းနိုင်ငံက ဖမ်းဆီး
Photos:The Nation
Photos:The Nation
Published 15 September 2024
Ref:The Nation

ထိုင်းနိုင်ငံ ကန်ချနာဘူရီပြည်နယ်ရှိ ခူရင်းဆင်နာခါရင်ဒရာ အမျိုးသားဥယျာဉ် တာဝန်ရှိသူများသည် အမျိုးသားသစ်တောနယ်မြေကို ကျူးကျော်ဝင်ရောက်သည်ဟုဆိုသော ကရင် လက်နက်ကိုင် ၃၀ ကို စက်တင်ဘာ ၁၁ ရက်တွင် ဖမ်းဆီးခဲ့သည်ဟု ထိုင်းသတင်းဌာန The Nation က ဖော်ပြခဲ့သည်။

နိုင်ငံကူး လက်မှတ် လိမ်လည်ရိုက်စားလုပ်ရာတွင် ပါဝင်နိုင်သည့် အနေအထားရှိနေသည်ကို နောက်ထပ် စုံစမ်းစစ်ဆေးရာ‌တွင်တွေ့ရှိရသည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။

နိုင်ငံခြားသားများပါသော အုပ်စုသည် ဆီဆာဝက်ခရိုင်၏ နာဆူအန်သစ်တောထဲ၌ စခန်းချနေသည်ကို ရွာသားများက အသိပေးခဲ့ခြင်းဖြစ်သည်ဟု အမျိုးသားဥယျာဉ်တာဝန်ရှိသူက ပြောကြားခဲ့သည်။

၎င်းတို့ထဲကအချို့သည်လက်နက်များကိုင်ထားပြီး ရွာသားများကို ခြိမ်းခြောက်သည်ဟု ဆိုသည်။ ၎င်းတို့သည်ထူးထူးဆန်းဆန်းကြောက်စရာကောင်းသော ရိုးရာပွဲကိုများကို လုပ်နေသည်ဟု အမျိုးသားပန်းခြံတာဝန်ရှိသူက ပြောကြားခဲ့သည်။

အမျိုးသားဥယျာဉ်တာဝန်ရှိသူများ၊ ကန်ချနာဘူရီရဲများက စက်တင်ဘာ ၁၁ ရက် နံနက်ပိုင်းတွင် ၎င်းတို့၏စခန်းချ‌ နေသော နေရာကို ဝင်ရောက်စီးနင်းခဲ့ရာ အမျိုးသား ၁၁ ဦး၊ အမျိုးသမီး ၁၀ ဦး၊ ကလေး ကိုးဦးတို့ကို ဖမ်းဆီးမိခဲ့သည်ဟု တာဝန်ရှိသူကပြောကြားခဲ့ပြီး ၎င်းတို့တွင် မှန်ကန်သော လူဝင်မှုကြီးကြပ်ရေး စာရွက်စာတမ်းများမရှိကြဟုဆိုသည်။

တာဝန်ရှိသူများသည် အဆိုပါနေရာမှ သေနတ်ငါးလက်၊ သံချပ်ကာ ဝတ်စုံ၊ ဓားရှည်များ၊ဓားများ၊ သံကြိုးလွှများ၊ဆောက်လုပ်ရေးလုပ်ငန်းသုံး တန်ဆာပလာများ၊လက်ကိုင်ဖုန်းများ၊မိုဘိုင်းဖုန်းများကိုလည်း သိမ်းဆည်းခဲ့သည်ဟု တာဝန်ရှိသူက ဆက်လက်ပြောကြားခဲ့သည်။

သံသယရှိသူများကို အမျိုးသားဥယျာဉ်ထဲ ကျူးကျော်ဝင်ရောက်ခြင်း၊ နိုင်ငံထဲ တရားမဝင် ဝင်ရောက်ခြင်း၊ အခြား စွဲချက်များဖြင့် စွဲချက်တင်ရန် ဆီဆာဝက်ရဲစခန်းသို့ ပို့ဆောင်ထားသည်။

ကရင်လူမျိုး YouTuber ၏တိုင်ကြားချက်ကို အ‌ခြေခံသည့် ကနဦး စုံစမ်းစစ်ဆေးမှုအရ အဖွဲ့ခေါင်းဆောင်သည် နိုင်ငံကူးလက်မှတ် ရိုက်စားလုပ်ငန်းကို လုပ်ကိုင်နေသူ ဖြစ်နေနိုင်ကြောင်းရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။

အဖွဲ့ခေါင်းဆောင်အမျိုးသားသည် လူတစ်ဦးကို ထိုင်းဘတ်ငွေ ၅,ဝဝဝပေးရမည်ဟု ယုံကြည်အောင်ပြောဆိုပြီး ထိုင်းရောက် ကရင်လူမျိုးများကို ရိုက်စားလုပ်နေသည်ဟု YouTuber က ပြောကြားခဲ့သည်။ ၎င်းသည် ကရင်လူမျိုးများ ၁၉၆ နိုင်ငံသို့သွားနိုင်သော နိုင်ငံကူးလက်မှတ်ကို လုပ်ပေးနိုင်သည်ဟု ပြောဆိုထားကြောင်း YouTuber ကပြောကြားခဲ့သည်။

ထိုလူတစ်ဦးတည်းကပင် ၎င်းတို့ကို လိမ်လည်ခဲ့သည်ဟု ကရင်YouTuber ၏ချယ်နယ်ကိုကြည့်သူအချို့က သတင်းပေးထားသည်ဟု ဆိုသည်။

Most Read

Most Recent