ASEAN Cup ပြိုင်ပွဲမတိုင်မီ မြန်မာအသင်း နိုင်ငံတကာခြေစမ်းပွဲနှစ်ပွဲ ကစားမည်ဖြစ်ပြီး လက်ဘနွန်အသင်းနှင့်ပွဲအတွက် MFF အတည်ပြု

ASEAN Cup ပြိုင်ပွဲမတိုင်မီ မြန်မာအသင်း နိုင်ငံတကာခြေစမ်းပွဲနှစ်ပွဲ ကစားမည်ဖြစ်ပြီး လက်ဘနွန်အသင်းနှင့်ပွဲအတွက် MFF အတည်ပြု
Photo: AFC
Photo: AFC
Published 26 August 2024

မြန်မာ့လက်ရွေးစင်အသင်းသည် ၂၀၂၄ ASEAN Cup ပြိုင်ပွဲ(မစ်ဆူဘီရှီအီလက်ထရစ်ဖလား) ပြိုင်ပွဲမတိုင်မီ နိုင်ငံတကာခြေစမ်းပွဲနှစ်ပွဲ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) သည် လက်ဘနွန်လက်ရွေးစင်အသင်းနှင့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) အသိအမှတ်ပြု နိုင်ငံတကာခြေစမ်းပွဲ ယှဉ်ပြိုင်ကစားရန် နှစ်ဖက်ဘောလုံးအဖွဲ့ချုပ်များအကြား သဘောတူညီမှုရရှိပြီးဖြစ်ကြောင်း အတည်ပြုခဲ့သည်။

မြန်မာ့လက်ရွေးစင်အသင်းနှင့် လက်ဘနွန်လက်ရွေးစင်အသင်းတို့သည် လာမည့်နိုဝင်ဘာ ၁၉ ရက်တွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ FIFA အသိအမှတ်ပြု နိုင်ငံတကာခြေစမ်းပွဲ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်း၏ နိုင်ငံတကာခြေစမ်းပွဲများနှင့်ပတ်သက်၍ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) အထွေထွေအတွင်းရေးမှူး ဦးထွန်းထွန်းအောင်က '' မြန်မာ့လက်ရွေးစင်အသင်းရဲ့ နိုင်ငံတကာခြေစမ်းပွဲတွေနဲ့ပတ်သက်လို့ကတော့ လောလောဆယ် နိုဝင်ဘာထဲမှာ လက်ဘနွန်အသင်းနဲ့ ယှဉ်ပြိုင်ကစားဖို့ ရထားပြီးပါပြီ။ ရန်ကုန်မြို့ သုဝဏ္ဏကွင်းမှာ ကစားမှာပါ။ နောက်တစ်သင်းနဲ့လည်း ကစားဖို့ ကျွန်တော်တို့ ချိတ်ဆက်ဆောင်ရွက်နေပါတယ်။ အောက်တိုဘာနဲ့ နိုဝင်ဘာတွေမှာ ကစားသွားမှာပါ။ စက်တင်ဘာထဲမှာတော့ ကျွန်တော်တို့ ကစားဖြစ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အာရှအသင်းအများစုက အာရှဖလား Play-off ကစားကြဖို့ရှိနေလို့ပါ''ဟု Eleven Sports သို့ ပြောကြားသည်။

မြန်မာ့လက်ရွေးစင်အသင်းနှင့် လက်ဘနွန်လက်ရွေးစင်အသင်းတို့၏ နိုဝင်ဘာ ၁၉ ရက်တွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားမည့်ခြေစမ်းပွဲမှာ FIFA အသိအမှတ်ပြု နိုင်ငံတကာခြေစမ်းပွဲဖြစ်သောကြောင့် ကွင်းဝင်ကြေးကောက်ခံပြီး ပရိသတ်ဝင်ရောက်ကြည့်ရှုခွင့်ပြုဖွယ်ရှိနေကြောင်း သိရသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) သည် ပြီးခဲ့သည့် ဇွန်လအတွင်းက ရန်ကုန်မြို့ သုဝဏ္ဏကွင်း၌ လက်ခံကျင်းပခဲ့သည့် မြန်မာ့လက်ရွေးစင်အသင်း နှင့် ဂျပန်လက်ရွေးစင်အသင်းတို့၏ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် ကွင်းဝင်ကြေးများ အဖြစ် အထူးတန်း ကျပ် ၅၀၀၀၊ ရိုးရိုးတန်း ကျပ် ၂၀၀၀ သတ်မှတ်ကောက်ခံထားခဲ့သည်။

မြန်မာ့လက်ရွေးစင်အသင်းနှင့် လက်ဘနွန်လက်ရွေးစင်အသင်းတို့သည် သမိုင်းတစ်လျှောက် နှစ်ကြိမ်သာတွေ့ဆုံထားခဲ့ဖူးပြီး တစ်ကြိမ်သရေကျကာ လက်ဘနွန်အသင်းက တစ်ကြိမ် အနိုင်ရထားသည်။

မြန်မာ့လက်ရွေးစင်အသင်းနှင့် လက်ဘနွန်လက်ရွေးစင်အသင်းတို့သည် ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ အာရှဇုန် ဒုတိယအဆင့်တွင် တစ်အုပ်စုတည်း ကျရောက်ခဲ့ပြီး ထိုစဉ်က  မြန်မာ့လက်ရွေးစင်အသင်းမှာ အိမ်ကွင်းတွင်(၀-၂) ဂိုးဖြင့် ရှုံး နိမ့်ခဲ့ပြီး အဝေးကွင်းတွင်(၁-၁) ဂိုးဖြင့် သရေကျခဲ့သည်။

လက်ဘနွန်လက်ရွေးစင်အသင်းသည် မြန်မာအသင်းနှင့်ပွဲမတိုင်မီ စက်တင်ဘာတွင် မလေးရှားမာဒေးကားဖလားပြိုင်ပွဲ၊ အောက်တိုဘာတွင် ဗီယက်နမ်သုံးပွင့်ဆိုင်ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။