ဝုလ်ဗ်နှင့်ပွဲတွင် ဟက်ထရစ်သွင်းယူကာ ခြေစွမ်းပြခဲ့ပြီးနောက် ဝူဗာဟမ်တန်မြို့အား လှောင်ပြောင်ခဲ့ခြင်းအတွက် မာဒူအေကေ ပြန်လည်တောင်းပန်

ဝုလ်ဗ်နှင့်ပွဲတွင် ဟက်ထရစ်သွင်းယူကာ ခြေစွမ်းပြခဲ့ပြီးနောက် ဝူဗာဟမ်တန်မြို့အား လှောင်ပြောင်ခဲ့ခြင်းအတွက် မာဒူအေကေ ပြန်လည်တောင်းပန်
Photo : Getty Images
Photo : Getty Images
Published 26 August 2024

ချယ်လ်ဆီးအသင်း၏ တိုက်စစ်ကစားသမား မာဒူအေကေသည် ဝုလ်ဗ်နှင့်ပွဲတွင် ဟက်ထရစ်သွင်းယူကာ ခြေစွမ်းပြခဲ့ပြီးနောက် ဝူဗာဟမ်တန်မြို့အား လှောင်ပြောင်ခဲ့ခြင်းအတွက် ပြန်လည်တောင်းပန်ခဲ့ကြောင်း သိရသည်။

မာဒူအေကေသည် ဝုလ်ဗ်အသင်းနှင့်ပွဲမတိုင်မီ "ဝူဗာဟမ်တန်မြို့နဲ့ပတ်သက်တဲ့ အရာအားလုံးက စက်ဆုပ်ဖွယ်ပါပဲ" ဟု အဓိပ္ပာယ်ရသည့်စာသားကို Instagram တွင် ရေးသားခဲ့ခြင်းဖြစ်သည်။ အဆိုပါစာသားကို မာဒူအေကေက အမြန်ဆုံးပြန်ဖျက်ခဲ့သော်လည်း ယင်းပွဲအပြီးတွင် တောင်းပန်စကား ပြောကြားခဲ့ခြင်းဖြစ်သည်။ မာဒူအေကေသည် ဝုလ်ဗ်အသင်းအား အဝေးကွင်း၌ (၆-၂)ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်ပွဲတွင် ချယ်လ်ဆီးအသင်းအတွက် ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခွင့်ရခဲ့ပြီး ချယ်လ်ဆီးကစားသမားဘ၀ ပထမဆုံးအကြိမ်အဖြစ် ဟက်ထရစ်သွင်းယူနိုင်ခဲ့သည်။ ၎င်းသည် ၂၀၂၃ ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် PSV အသင်းမှ ချယ်လ်ဆီးအသင်းသို့ ရောက်ရှိလာခဲ့သူဖြစ်ပြီး ချယ်လ်ဆီးအသင်းနှင့် (၇)နှစ်ခွဲစာချုပ် ချုပ်ဆိုထားသူဖြစ်သည်။ ခရစ္စတယ်ပဲလေ့စ်နှင့် စပါးလူငယ်အသင်းများတွင် ကစားခဲ့ဖူးသော မာဒူအေကေ(၂၂ နှစ်)သည် အင်္ဂလန်လူငယ်အသင်းအဆင့်ဆင့်တွင် ကစားခဲ့ဖူးသော်လည်း နိုင်ဂျီးရီးယားလက်ရွေးစင်အသင်းကို ကိုယ်စားပြုကစားဖွယ်ရှိကြောင်း သိရသည်။ မာဒူအေကေသည် ဝုလ်ဗ်နှင့်ပွဲ၌ ချယ်လ်ဆီးကစားသမားဘ၀ ပထမဆုံးဟက်ထရစ်ဂိုး သွင်းယူနိုင်ခဲ့သည့်အပြင် အဆိုပါ ဟက်ထရစ်မှာ ၎င်းအနေဖြင့် စီနီယာကစားသမားအဆင့်တွင် ပထမဆုံးသွင်းယူနိုင်သည့် ဟက်ထရစ်အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။ ထို့ပြင် ယင်းဟက်ထရစ်ကြောင့် ပရီးမီးယားလိဂ်တွင် ချယ်လ်ဆီးအသင်းအတွက် ဟက်ထရစ်သွင်းယူနိုင်သည့် (၂၃)ဦးမြောက်ကစားသမား ဖြစ်လာခဲ့ပြီး ချယ်လ်ဆီးအသင်းအနေဖြင့် ပရီးမီးယားလိဂ် ပြိုင်ပွဲတွင် ဟက်ထရစ်သွင်းယူနိုင်သည့် ကစားသမားအများ ဆုံးအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်းလည်း သိရသည်။ ယခင်က အာဆင်နယ်အသင်းနှင့်အတူ (၂၂)ဦးစီနှင့် ပူးတွဲ ရပ်တည်နေခဲ့ရာမှ ကျော်ဖြတ်နိုင်ခဲ့ခြင်းဖြစ်သည်။ ယင်းနှစ်သင်း၏နောက်တွင် လီဗာပူးလ်နှင့် မန်စီးတီးက (၁၆)ဦးစီ၊ အဲဗာတန်နှင့် မန်ယူက (၁၄)ဦးစီနှင့် ရပ်တည်နေကြောင်း သိရသည်။

မာဒူအေကေသည် ဟက်ထရစ် (၃)ဂိုးကို (၄၉၊ ၅၈၊ ၆၃)မိနစ်များတွင် သွင်းယူခဲ့ပြီး အဆိုပါ(၃)ဂိုးစလုံးကို အသင်းဖော် ပါလ်မာတစ်ဦးတည်းက ဖန်တီးပေးခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ပရီးမီးယားလိဂ်၌ အသင်းဖော်တစ်ဦးတည်း၏ ဖန်တီးပေးမှုဖြင့် ဟက်ထရစ်သွင်းယူနိုင်သည့် (၅)ဦးမြောက် တိုက်စစ်အတွဲအဖက်အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။ ပွဲအပြီးတွင် မာဒူအေကေက "ကျွန်တော် ထိုးနှက်တိုက်ခိုက်မိခဲ့တဲ့ သူတွေအားလုံးကို တောင်းပန်ချင်ပါတယ်။ ဒါဟာ လူသားတစ်ယောက်ရဲ့အမှားပါ။ မတော်တဆဖြစ်ရပ်တစ်ခုပါ။ ကျွန်တော့်ရဲ့ ပြင်ပလူမှုဆက်ဆံရေးက အဲဒီလိုမဟုတ်ပါဘူး။ ဝူဗာဟမ်တန်မြို့က သာယာတဲ့မြို့တစ်မြို့ဖြစ်တာ သေချာပါတယ်။ ကျွန်တော် တောင်းပန်ပါတယ်"ဟု ပြောကြားခဲ့သည်။ ၎င်းက ဟက်ထရစ်သွင်းယူနိုင်ခြင်းအတွက် ပါလ်မာ၏ ကောင်းမွန်သောပေးပို့မှုများနှင့် ကံတရားကြောင့်ဖြစ်ကြောင်းလည်း ဝန်ခံပြောကြားခဲ့သည်။