ချယ်လ်ဆီးအသင်းမှ ဖယ်ရှားခံထားရသည့် အင်္ဂလန်တောင်ပံတိုက်စစ်ကစားသမား စတာလင်အား ခေါ်ယူရန် အက်စတွန်ဗီလာအသင်း စီစဉ်နေကြောင်း Daily Mail ဖော်ပြ

ချယ်လ်ဆီးအသင်းမှ ဖယ်ရှားခံထားရသည့် အင်္ဂလန်တောင်ပံတိုက်စစ်ကစားသမား စတာလင်အား ခေါ်ယူရန် အက်စတွန်ဗီလာအသင်း စီစဉ်နေကြောင်း Daily Mail ဖော်ပြ
Photo: Daily Mail
Photo: Daily Mail
Published 24 August 2024

 

အက်စတွန်ဗီလာအသင်းသည် ချယ်လ်ဆီးအသင်းကြီးမှ ဖယ်ရှားခံရထားသည့် အင်္ဂလန်ဝါရင့်တောင်ပံကစားသမား စတာလင် အား ယခုနွေရာသီအပြောင်းအရွှေ့စျေးကွက်မပိတ်မီခေါ်ယူရန် စီစဉ်နေကြောင်း Daily Mail သတင်းဌာနက ဖော်ပြခဲ့သည်။ 

ချယ်လ်ဆီးနည်းပြ မာရက်စကာသည် အသက် ၂၉ နှစ်အရွယ် စတာလင်အား လူငယ်အသင်းနှင့်အတူ လေ့ကျင့်ခန်းဆင်းခိုင်းထားသလို သြဂုတ်လ ၁၆ ရက်ကတည်းက အသင်းသစ် ရှာဖွေရန် အကြောင်းကြားထားကြောင်း သိရသည်။ ထို့ပြင် ချယ်လ်ဆီးအသင်းသည် စတာလင် ဝတ်ဆင်ကစားနေသည့် ကျောနံပါတ် ၇ အား အသစ်ရောက်ရှိလာသည့် ပေါ်တူဂီတောင်ပံတိုက်စစ်ကစားသမား ပတ်ဒရိုနေတိုကို ပေးအပ်ခဲ့သည်။ ချယ်လ်ဆီး အသင်းသည် လက်ရှိတွင် စတာလင်အား ရောင်းချရန် စီစဉ်နေပြီး ၎င်းကို ခေါ်ယူလိုသည့်အသင်းများနှင့် ဆွေးနွေးနေကာ ကစားသမားကလည်း အသင်းမှထွက်ခွာရန် စီစဉ်နေကြောင်း သိရှိရသည်။ 

ယခုအခါ စတာလင်အား ခေါ်ယူရန် ဆော်ဒီကလပ်များနှင့်အပြိုင် အက်စတွန်ဗီလာကလည်း စိတ်ဝင်စားနေကြောင်း သိရသည်။ ယခုရာသီတွင် ချန်ပီယံလိဂ်ဝင်ခွင့်ရထားသည့် အက်စတွန်ဗီလာအသင်းသည် အသင်းကို အင်အားဖြည့်တင်းမှုများ ပြုလုပ်နေပြီး ပေါ်တူဂီတိုက်စစ်ကစားသမား ဂျော်အိုဖေးလစ်အား ခေါ်ယူရန် ကြိုးပမ်းခဲ့သော်လည်း ကစားသမားက ချယ်လ်ဆီးအသင်းကို ရွေးချယ်ခဲ့သည်။ ထို့ကြောင့် အက်စတွန်ဗီလာအသင်းသည် ယခုအခါ စတာလင်ကို ခေါ်ယူရန် စိတ်ဝင်စားနေပြီး ကမ်းလှမ်းမှုများ ပြုလုပ်ရန် စီစဉ်နေကြောင်း Daily Mail က ဖော်ပြခဲ့ခြင်းဖြစ်သည်။ 

စတာလင်သည် ၂၀၂၂ နွေရာသီအပြောင်းအရွှေ့ကာလတွင် မန်စီးတီးအသင်းမှ ချယ်လ်ဆီးအသင်းထံသို့ ပြောင်းရွှေ့ကြေး ပေါင်သန်း ၅၀ ဖြင့် ရောက်ရှိလာခဲ့သူ ဖြစ် သည်။ စတာလင်သည် ချယ်လ်ဆီးအသင်း နှင့် ၂၀၂၇ ခုနှစ်အထိ သက်တမ်းရှိ စာချုပ် တစ်ရပ်ချုပ်ဆိုထားပြီး ၎င်းအနေဖြင့် တစ်ပတ်လစာ ပေါင် ၃၂၅၀၀၀ ရရှိနေကြောင်း သိရှိရသည်။ ချယ်လ်ဆီးအသင်းအနေဖြင့် စတာလင်အား ရောင်းထုတ်ရန် ပြင်ဆင်နေသော်လည်း ၎င်း၏ပြောင်းရွှေ့ကြေးကိုမူ သတ်မှတ်ရခြင်း မရှိသေးကြောင်းလည်း သိ ရှိရသည်။ 

အက်စတွန်ဗီလာအသင်းသည် ယခုနွေရာသီအပြောင်းအရွှေ့ကာလတွင် ချယ်လ်ဆီး အသင်းမှ နောက်ခံကစားသမား မတ်ဆန်ကို ပေါင် ၃၅ သန်းဖြင့် ခေါ်ယူထားသည်။ ထို့ ပြင် အက်စတွန်ဗီလာအသင်းသည် အက်သလက်တီကိုအသင်းထံသို့ ပြောင်းရွှေ့သွား ခဲ့သည့် ချယ်လ်ဆီးကွင်းလယ်ကစားသမား ဂယ်လာဂါကိုလည်း ခေါ်ယူရန် ကြိုးပမ်းခဲ့ဖူးသော်လည်း ကစားသမားက ငြင်းဆန်ပယ်ချခဲ့ကြောင်း သိရသည်။ ချယ်လ်ဆီးအသင်းကလည်း အက်စတွန်ဗီလာအသင်းမှ အင်္ဂလန်လူငယ်ကွင်းလယ်တိုက်စစ်ကစားသမား ကယ်လီမန်း(၁၈ နှစ်)အား ပေါင် ၁၉ သန်း ဖြင့် ယခုနွေရာသီတွင် ခေါ်ယူထားသည်။ ထို့ကြောင့် ချယ်လ်ဆီးနှင့် အက်စတွန်ဗီလာ အသင်းတို့အကြား ဆက်ဆံရေးကောင်းများ ရှိနေကြောင်း သိရှိရသည်။ 

စတာလင်သည် ချယ်လ်ဆီးအသင်းတွင် ပုံမှန်ခြေစွမ်းရရန် ရုန်းကန်ခဲ့ရပြီး နှစ်ရာသီအတွင်း ပြိုင်ပွဲစုံ ၈၁ ပွဲတွင် ၁၉ ဂိုးသာ သွင်းယူနိုင်ခဲ့သည်။ ၎င်းအနေဖြင့် ပြီးခဲ့သည့် ၂၀၂၃-၂၄ ရာသီတွင် ချယ်လ်ဆီးအသင်း၌ ခြေစွမ်းပြနိုင်ခြင်းမရှိသည့်အတွက် ယူရို ၂၀၂၄ ပြိုင်ပွဲဝင် အင်္ဂလန်အသင်းလူစာရင်းမှလည်း ချန်လှပ်ခံခဲ့ရသည်။ သို့သော် ချယ်လ်ဆီးအသင်းအနေဖြင့် လက်ရှိတွင် စတာလင်အား အသင်းကြီးမှ ဖယ်ရှားပြီး လူငယ်အသင်းနှင့် လေ့ကျင့်ခန်း ဆင်းခိုင်းသည့် ကိစ္စရပ်မှာ လေးစားမှုမရှိသည့်လုပ်ရပ်ဖြစ်ကြောင်း ဝေဖန်မှုများရှိနေသည်။ စတာလင်အား ခေါ်ယူရန် အက်စတွန်ဗီလာ နှင့် ဆော်ဒီကလပ်များအပြင် ဂျူဗင်တပ်စ်ကလည်း စိတ်ဝင်စားနေကြောင်း သိရသည်။