ကစားသမားများအနေဖြင့် ပွဲစဉ်အားလုံးတွင် ပွဲထွက်ကစားခွင့်မရနိုင်ကြောင်း မန်ယူအသင်းနည်းပြ အဲရစ်တန်ဟက်ဂ် သတိပေး

ကစားသမားများအနေဖြင့် ပွဲစဉ်အားလုံးတွင် ပွဲထွက်ကစားခွင့်မရနိုင်ကြောင်း မန်ယူအသင်းနည်းပြ အဲရစ်တန်ဟက်ဂ် သတိပေး
Photo: AFP
Photo: AFP
Published 24 August 2024

 

မန်ယူအသင်းနည်းပြ အဲရစ်တန်ဟက်ဂ်က ကစားသမားများအနေဖြင့် ပွဲစဉ်အားလုံးတွင် ပွဲထွက်ကစားခွင့်မရနိုင်ကြောင်း သတိပေးပြောကြားခဲ့သည်။

မန်ယူအသင်းသည် ယခုနွေရာသီတွင် ခံစစ်ပိုင်းကို အဓိကအားဖြည့်ထားပြီး ခံစစ်အတွင်းလူ ယိုရိုကို ပေါင် ၅၂ ဒသမ ၂ သန်း၊ ဒယ်လစ်ကို ပေါင် ၃၈ ဒသမ ၅ သန်း၊ ခံစစ် အစွန်လူ မာဇရာဝီကို ပေါင် ၁၂ ဒသမ ၈ သန်း၊ တိုက်စစ်မှူး ဇက်ဇီကို ပေါင် ၃၆ ဒသမ ၅ သန်းဖြင့် ခေါ်ယူထားပြီးဖြစ်သည်။ ထို့ပြင် PSG အသင်း ကွင်းလယ်ခံစစ်ကစားသမား အူဂါတေမှာလည်း အပြောင်းအရွှေ့ကာလ မပိတ်မီ ရောက်လာနိုင်ဖွယ်ရှိနေသည့်အတွက် ယခုလို သတိပေးပြောကြားခြင်းဖြစ်သည်။

"ကျွန်တော်တို့မှာ လူစာရင်းတစ်ခုရှိပြီး ရာသီကိုဖြတ်သန်းတဲ့အချိန်မှာ နေရာတစ်ခုအတွက် နှစ်ဦးစီရှိနေဖို့ မျှော်လင့်ပါတယ်။ အဓိပ္ပာယ်ကတော့ ပွဲစဉ်တစ်ပွဲအတွက် ကစားသမားအားလုံးကို ရွေးချယ်လို့မရဘူးဆိုတာပါပဲ။ ဒါပေမဲ့ ရာသီတစ်လျှောက်လုံးအတွက် သူတို့အားလုံးကို လိုအပ်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီရာသီက အသင်းအတွက် ရှင်သန်ဖို့ အသင့်တော်ဆုံးဖြစ်လို့ပါ။ ကျွန်တော်တို့ အဲဒါကို စီမံခန့်ခွဲရပါမယ်။ ဒါပေမဲ့ ကစားသမားတွေရဲ့ သဘောထားကလည်း အရမ်းအရေးကြီးပါတယ်။ တစ်ခါတစ်ရံ သူတို့စိတ်ပျက်ကြလိမ့်မယ်။ ဒါပေမဲ့ သူတို့ အဲဒါကို ကိုင်တွယ်ရပါမယ်။ ကစားသမား ၁၁ ယောက်နဲ့ အနိုင်ရဖို့ မဖြစ်နိုင်ပါဘူး။ လူစာရင်းတစ်ခုနဲ့မှသာ အနိုင်ရမှာပါ။ ဆုတံဆိပ်တွေက လာမယ့်မေလမှ အဆုံးအဖြတ်ပေးမှာပါ။ အဲဒီ အချိန်အထိ လူစာရင်းမှာ ကစားသမားအား လုံးရှိနေဖို့နဲ့ စိတ်ဓာတ်တက်ကြွမှုတွေ အများကြီးပေးနိုင်ဖို့ လိုအပ်ပါတယ်။ ဒါက မျှော်လင့်ချက်မဟုတ်ပါဘူး။ အသင်းရဲ့ တောင်းဆိုမှု၊ မန်နေဂျာဖြစ်တဲ့ ကျွန်တော်က ကစားသမားတွေဆီကနေ တောင်းဆိုမှုပါ။ အသင်းဆိုတာ တစ်ဦးချင်းစီထက် အမြဲတမ်း ပိုအရေးကြီးပါတယ်" ဟု အဲရစ်တန်ဟက်ဂ်က ဆိုသည်။

ထို့ပြင် အူဂါတေ၏ အပြောင်းအရွှေ့နှင့် ပတ်သက်၍ ၎င်းက "တတ်နိုင်သမျှ အကောင်းဆုံးလူစာရင်းဖြစ်အောင် ကျွန်တော်တို့ အမြဲတမ်းကြိုးစားသွားမှာပါ။ အခွင့်အရေးရှိနေသရွေ့ အဲဒါကို ရှာဖွေသွားမှာပါ။ ကလပ်အသင်းတစ်သင်းအနေနဲ့ ကျွန်တော်တို့ ဒါကိုဖမ်းဆုပ်နိုင်ဖို့ လိုအပ်တယ်ဆိုတာ သိပါတယ်။ ဒါပေမဲ့ အဲဒါက ကျွန်တော်တို့ရဲ့ ရည်မှန်းချက်၊ ကျွန်တော်တို့သွားချင်တဲ့လမ်းကို ပြသနေပါတယ်။ ကျွန်တော်တို့ ကောင်းမွန်တဲ့အရာတွေ လုပ်ထားပြီး အရမ်းကောင်းတဲ့ ကစားသမား၊ အရည်အသွေးမြင့်ကစားသမားတွေကို လူစာရင်းမှာ ထပ်ပေါင်းထည့်သွားမှာပါ" ဟု ဆက်လက်ပြောကြားခဲ့သည်။