မိမိ၏စနစ်ကို သင်ယူရန် ကစားသမားများအတွက် အချိန်လိုအပ်ကြောင်း ချယ်လ်ဆီးနည်းပြ မာရက်စကာ ပြောကြား

မိမိ၏စနစ်ကို သင်ယူရန် ကစားသမားများအတွက် အချိန်လိုအပ်ကြောင်း ချယ်လ်ဆီးနည်းပြ မာရက်စကာ ပြောကြား
Photo: AFP
Photo: AFP
Published 24 August 2024

 

ချယ်လ်ဆီးအသင်းအနေဖြင့် UEFA ကွန်ဖရင့်လိဂ်ခြေစစ်ပွဲ ပထမအကျော့တွင်  ဂိုးပြတ်အနိုင်ရသော်လည်း မိမိ၏စနစ်ကို သင်ယူရန် ကစားသမားများအတွက် အချိန်လိုအပ်ကြောင်း နည်းပြဖြစ်သူ မာရက်စကာက သုံးသပ်ပြောကြားခဲ့သည်။

ချယ်လ်ဆီးအသင်းသည် ကွန်ဖရင့်လိဂ် ခြေစစ်ပွဲ Play-off အဆင့် ပထမအကျော့ အဖြစ် သြဂုတ် ၂၂ ရက်က ဆွစ်ဇာလန်ကလပ် ဆာဗက်တီအသင်းနှင့် အိမ်ကွင်းပွဲစဉ် ယှဉ် ပြိုင်ကစားရာ (၂-၀) ဂိုးဖြင့် အနိုင်ရခဲ့သည်။ ပထမပိုင်းတွင် ဂိုးမရှိသရေကျနေသဖြင့် ပရိသတ်များက လှောင်ပြောင်ခဲ့ကြပြီး မိနစ် ၅၀ တွင် ပယ်နယ်တီမှတစ်ဆင့် အန်ကွန်ကူက အဖွင့်ဂိုးနှင့် လူစားဝင်ကစားသမား မာဒူအေကေ က ၇၆ မိနစ်တွင် ဒုတိယဂိုးသွင်းယူပေးခဲ့သည်။ ၈၆ မိနစ်တွင် ဆာဗက်တီအသင်း၏ သွင်းယူမှု ဘားတန်းထိသွားသဖြင့် ချယ်လ်ဆီးအသင်း ဂိုးပြန်မပေးရဘဲ Clean Sheet ရရှိခဲ့ခြင်းဖြစ်သည်။

"နောက်ဆုံး ၁၀ မိနစ်မှာ ကျွန်တော်တို့ ကစားပုံကြောင့် နည်းနည်းစိတ်ပူခဲ့ရတယ်။ ကျွန်တော်တို့က ပွဲကို မတူညီတဲ့နည်းလမ်းနဲ့ ရင်ဆိုင်ခဲ့တယ်။ ကျွန်တော်တို့က လေ့လာသင်ယူနေဆဲ အခိုက်အတန့်ဖြစ်လို့ အဲဒီလို ဖြစ်မယ်လို့ မျှော်မှန်းထားပြီးသားပါ။ တချို့ အချိန်တွေမှာ ဘောလုံးကို ထိန်းထားနိုင်ဖို့ ရည်မှန်းချက်က မှန်ပါတယ်။ အထူးသဖြင့် (၂-၀) ဂိုးနဲ့ ဦးဆောင်ထားနိုင်ချိန်မှာပေါ့။ ကျွန်တော်တို့က ပွဲပြီးခါနီး ၁၀ မိနစ်၊ ၁၅ မိနစ်မှာ ကိုယ့်ကွင်းဘက်ခြမ်းမှာပဲ ဘောလုံးကိုင်ထားဖို့ ကြိုးစားခဲ့တယ်။ ပြိုင်ဘက်ရဲ့ဘက်ခြမ်းမှာလည်း အဲဒီအတိုင်းလုပ်နိုင်ဖို့ လိုပါတယ်။ ကျွန်တော်တို့ ဂိုးမပေးခဲ့ရဘူး။ ဒါပေမဲ့ အဲဒါကနေ ကျွန်တော်တို့ သင်ယူရပါမယ်။ ဒီစနစ်ကို သေချာပိုသိလာဖို့ အားလုံးအတွက် အချိန်လိုအပ်ပါတယ်။ တချို့အတွက် ရုပ်ပိုင်းဆိုင်ရာအခြေအနေအရ မလွယ်ကူခဲ့ပါဘူး" ဟု မာရက်စကာက ပြောကြားခဲ့သည်။

မာရက်စကာသည် မန်စီးတီးအသင်းနှင့် ပွဲမှ ပွဲထွက်စာရင်းကို ကိုင်စီဒိုနှင့် အန်ကွန်ကူ မှလွဲ၍ ကိုးဦးအထိ အပြောင်းအလဲလုပ်ခဲ့ပြီး  ကစားကွက်ကိုလည်း မန်စီးတီးနှင့်ပွဲ၌ (၄-၂-၃-၁) ပုံစံ၊ ဆာဗက်တီနှင့်ပွဲ၌ (၄-၃-၃) ပုံစံ အသုံးပြုခဲ့သည်။ ချယ်လ်ဆီးအသင်း သည် ပရီးမီးယားလိဂ် ရာသီအဖွင့်ပွဲစဉ်တွင် မန်စီးတီးအသင်းအား အိမ်ကွင်း၌ နှစ်ဂိုးပြတ် ရှုံးနိမ့်ထားပြီး ပွဲစဉ် (၂) အဖြစ် သြဂုတ် ၂၅ ရက်တွင် ဝုလ်ဗ်အသင်းနှင့် အဝေးကွင်းပွဲစဉ် ကစားရမည်ဖြစ်သည်။

Most Read

Most Recent