UFC တွင် တစ်ကျော့ပြန်ထိုးသတ်မည့် ပွဲအတွက် မက်ဂရီဂေါ်နှင့် UFC ဥက္ကဋ္ဌ ဒေနာဝှိုက်အကြား သဘောထားကွဲပြား

UFC တွင် တစ်ကျော့ပြန်ထိုးသတ်မည့် ပွဲအတွက် မက်ဂရီဂေါ်နှင့် UFC ဥက္ကဋ္ဌ ဒေနာဝှိုက်အကြား သဘောထားကွဲပြား
Photo: Marca
Photo: Marca
Published 17 August 2024

 

UFC ပြိုင်ပွဲတွင် တစ်ကျော့ပြန်ထိုးသတ်မည့်ပွဲအတွက် အိုင်ယာလန်နာမည်ကြီး MMA အားကစားသမား ကော်နာမက်ဂရီဂေါ်နှင့် UFC ဥက္ကဋ္ဌ ဒေနာဝှိုက်အကြား သဘောထားကွဲပြားနေကြောင်း သိရသည်။

မက်ဂရီဂေါ်သည် ယခုနှစ်အတွင်း UFC ပြိုင်ပွဲတွင် တစ်ကျော့ပြန်ထိုးသတ်နိုင်လိမ့်မည် မဟုတ်ကြောင်း UFC ၏ ဥက္ကဋ္ဌဖြစ်သူ ဒေနာဝှိုက်က အတည်ပြုပြောကြားခဲ့သည်။ ၀ိတ်တန်းနှစ်ခုချန်ပီယံဟောင်းဖြစ်သူ မက်ဂရီဂေါ်အနေဖြင့် ပြီးခဲ့သည့် ဇွန်လ(၂၉)ရက်က အမေရိကန်ကစားသမား မိုက်ကယ်ချန်ဒလာနှင့် ထိုးသတ်ရန်စီစဉ်ခဲ့သော်လည်း လေ့ကျင့်ရေးတွင် ခြေချောင်းကျိုးဒဏ်ရာရရရှိမှုကြောင့် ပွဲပျက်ပြယ်ခဲ့ရသည်။ 

အသက် (၃၆)နှစ်အရွယ်ရှိ မက်ဂရီဂေါ် အနေဖြင့် ၂၀၂၁ ခုနှစ် ဇူလိုင်လက အမေရိကန် ကစားသမား ဒပ်စတင်ပိုရီယေးနှင့်ပွဲ၌ ခြေထောက်ကျိုးကာ အရေးနိမ့်ခဲ့ပြီးနောက်ပိုင်းကတည်းက UFC ပွဲများနှင့် ကင်းကွာနေခဲ့ခြင်းဖြစ်သည်။ "ကျွန်တော်တို့ တွေ့ဆုံခြင်းတော့ မရှိ ပါဘူး။ ဒါပေမဲ့ စကားတော့ ပြောခဲ့ကြတယ်။ မက်ဂရီဂေါ်က ပွဲထိုးသတ်ချင်နေပါတယ်။  ဒီတော့ ကျွန်တော်တို့က အဖြေရှာရပါမယ်။ ဒါပေမဲ့ အခုနှစ်တော့ မဟုတ်ပါဘူး။ သူ့အနေနဲ့ ဒီနှစ်မှာ ထိုးသတ်နိုင်မှာ မဟုတ်ပါဘူး"ဟု ဒေနာဝှိုက်က ပြောကြားခဲ့သည်။ 

သို့သော် ဒေနာဝှိုက်၏ပြောကြားမှုနှင့်ပတ်သက်ပြီး မက်ဂရီဂေါ်က သူ့ အား ဒီဇင်ဘာတွင် ပွဲစီစဉ်ပေးသင့်ကြောင့် လူမှုကွန်ရက်မှတစ်ဆင့် ချက်ချင်းတုံ့ပြန်ခဲ့သည်။ "အာဒေနာရေ၊ ဒီဇင်ဘာမှာ ရက်သတ်မှတ်ထားတယ်မဟုတ်လား။ အနိုင်ရတဲ့ပွဲနဲ့အတူ နေအိမ်ကို ပြက္ခဒိန်နှစ်တစ်နှစ် သယ်ယူသွားချင်တယ်။ အခု အသင့်ရှိနေပါတယ်။ ဒါက ဘာလဲ။ နောက်လကစပြီး ကျွန်တော် ပြင်ဆင်သွားမှာပါ။ ဒီဇင်ဘာလား၊ ဒေနာနဲ့ UFC ရေ ပြောပေးပါ။ ကျွန်တော် ဒီဇင်ဘာမှာ ပွဲထိုးချင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီဇင်ဘာမှာ ပွဲထိုးခွင့်ရဖို့ ထိုက်တန်ပါတယ်" ဟု လူမှုကွန်ရက် X တွင် တုံ့ပြန်ရေးသားခဲ့သည်။ 

သို့ သော် မက်ဂရီဂေါ်သည် နောက်ပိုင်းတွင် ယင်း Post ကို ပြန်ဖျက်ခဲ့ကြောင်း သိရသည်။ မက်ဂရီဂေါ်သည် ၂၀၁၆ နိုဝင်ဘာလတွင် အမေရိကန်ကစားသမား အက်ဒီအယ်လ်ဗာရက်ဇ်ကို အနိုင်ယူကာ UFC ၏ ၀ိတ်တန်းနှစ်ခု ချန်ပီယံဖြစ်လာပြီးနောက်ပိုင်း UFC လေးပွဲသာ ထိုးသတ်ခဲ့ရပြီး ယင်းလေးပွဲတွင် သုံးပွဲအထိ အရေးနိမ့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။