ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားကောင်းနေခြင်းကြောင့် စစ်ကိုင်းအထက်ပိုင်း၊ ပဲခူး၊ ကချင်၊ ရခိုင်၊ ကရင်နှင့် မွန်ပြည်နယ်တို့တွင် နှစ်ရက်အတွင်း မိုးပိုနေမည်

ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားကောင်းနေခြင်းကြောင့် စစ်ကိုင်းအထက်ပိုင်း၊ ပဲခူး၊ ကချင်၊ ရခိုင်၊ ကရင်နှင့် မွန်ပြည်နယ်တို့တွင် နှစ်ရက်အတွင်း မိုးပိုနေမည်
Published 12 June 2024

ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားကောင်းနေခြင်းကြောင့် စစ်ကိုင်းအထက်ပိုင်း၊ ပဲခူး၊ ကချင်၊ ရခိုင်၊ ကရင်နှင့် မွန်ပြည်နယ်တို့တွင် နှစ်ရက်အတွင်း မိုးပိုနေမည်ဖြစ်ကြောင်း ဇွန် ၁၂ ရက်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။

ထုတ်ပြန်ချက်အရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနေပြီး ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားကောင်းနေခြင်းကြောင့် ဇွန် ၁၃ ရက်နံနက်ပိုင်းအထိ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲ၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ရခိုင်ပြည်နယ်တွင် ဒေသအလိုက်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကာ ရွာရန်ရာနှုန်းပြည့်ဖြစ်ကြောင်း သိရသည်။

မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

မြန်မာ့ပင်လယ်ပြင်ရှိ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်ဖြစ်ကာ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၄၀ အထိ တိုက်ခတ်နိုင်ကြောင်း၊ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရှစ်ပေမှ ၁၁ ပေခန့်ရှိနိုင်ကြောင်း၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ကြောင်း၊ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၃၀ မှ ၃၅ မိုင်အထိ တိုက်ခတ်နိုင်ကြောင်း၊ လှိုင်းအမြင့်မှာ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ခုနစ်ပေမှ ကိုးပေခန့်ရှိနိုင်ကြောင်း သိရသည်။

လာမည့်နှစ်ရက်အတွင်း စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးပိုနေမည်ဖြစ်ကြောင်း သိရသည်။

လွန်ခဲ့သော ၂၄ နာရီအတွင်းက စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းတွင် တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ပြီး မကွေးတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာခဲ့ကာ ရခိုင်ပြည်နယ်တွင် ဒေသအလိုက်နှင့် မန္တလေးတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးခဲ့ကြောင်း သိရသည်။

မှတ်သားဖွယ်ရာ မိုးရေချိန်များမှာ သံတွဲမြို့တွင် ၉ ဒသမ ၆၁ လက်မ၊ ကျောက်ဖြူမြို့တွင် ၅ ဒသမ ၅၁ လက်မ၊ ဂွမြို့တွင် ၄ ဒသမ ၁၃ လက်မ၊ အမ်းမြို့တွင် ၃ ဒသမ ၉၀ လက်မ၊ မိုးကုတ်မြို့တွင် ၃ ဒသမ ၈၅ လက်မ၊ ဘီးလင်းမြို့တွင် ၃ ဒသမ ၁၅ လက်မ၊ ကလေးဝမြို့တွင် ၂ ဒသမ ၄၄ လက်မ၊ ရန်ကုန် (ဗိုလ်တထောင်မြို့နယ်) တွင် ၂ ဒသမ ၃၆ လက်မ၊ မြစ်ကြီးနားမြို့တွင် ၂ ဒသမ ၂၈ လက်မနှင့် စစ်တွေမြို့တွင် ၁ ဒသမ ၉၇ လက်မတို့ ဖြစ်ကြကြောင်း သိရသည်။

Most Read

Most Recent